(၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့်သတင်း

ဇွန် ၂၆

          (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (23rd ASEAN Senior Officials Meeting on Transnational Crime and Its Related Meetings] ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ထားသော အင်ဒိုနီးရှားနိုင်ငံက ယော့ဂျကာတာ (Yogyakarta) မြို့၊ Royal Ambarrukmo Hotel တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် လေ့လာသူ တီမောလက်စတေနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်နှင့် အမေရိကန် စသည့် ၉ နိုင်ငံတို့မှ အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ SOMTC ခေါင်းဆောင်များ ဦးဆောင်သည့် အဆင့်မြင့် အရာရှိကြီးများ စုစုပေါင်း ၁၇၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ် ၅ ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။       

          အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး SOMTC ခေါင်းဆောင်များ၏ (၂၃)ကြိမ်မြောက် စုံညီအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များ တွင် ယော့ဂျကာတာမြို့ရှိ Royal Ambarrukmo Hotel ၌ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ မှုခင်း စုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲ H.E. Police Commissioner General Agus Andrianto က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံ ၁၀ နိုင်ငံနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အာဆီယံဒေသတွင်း အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများ၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာမှုခင်းများ တိုးတက်ဖြစ်ပေါ် လာမှုနှင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုအခြေအနေများကို နိုင်ငံအလိုက် တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာ SOMTC ခေါင်းဆောင်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင်က အကြမ်းဖက်အုပ်စုများ၏ သတင်းမှားများထုတ်ပြန်မှု၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှုနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ အစိုးရရုံး၊ အဆောက်အဦးများအား ဗုံးခွဲ/အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေများ၊ ဥပဒေနှင့် အညီ တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော အွန်လိုင်းလိမ်ညာမှုနှင့် လူကုန်ကူးမှုခင်းများ တိုက်ဖျက်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြော ကြားခဲ့ပါသည်။

          အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ဒေသတွင်းနိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆက်လက်ကျင်းပရာ ဇွန်လ ၂၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု (20th SOMTC + China Consultation) အစည်းအဝေးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. NIU Haifeng တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာပြဿနာများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နားလည်မှု စာချွန်လွှာ (၂၀၁၇-၂၀၂၃) နှင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) တို့အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ၂၀၂၄-၂၀၂၈ တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် အသစ်ရေးဆွဲနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်ချက် ၁ ခုကို အတည်ပြု ခဲ့ပြီး မူကြမ်း ၅ ခုကို ဩဂုတ်လအတွင်း ကျင်းပပြုလုပ်မည့် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဆက်လက်တင်ပြသွားရန် သဘော တူညီခဲ့ကြပါသည်။

          ထို့နောက် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ၃ နိုင်ငံပူးပေါင်းမှု၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ အမေရိကန် နိုင်ငံတို့နှင့် သီးခြားစီ ဆွေးနွေးမှုများကို အလှည့်ကျအာဆီယံနိုင်ငံ SOMTC ခေါင်းဆောင်များက ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်၍ ဒေသတွင်းနိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းစီမံချက် ၄ ခုတို့ကို အတည်ပြု ခဲ့ကြပါသည်။ 

          မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများထိန်းချုပ်ရေးတို့ကို တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေ သော အွန်လိုင်းလိမ်ညာမှု၊ အွန်လိုင်းလောင်းကစားမှုခင်းများနှင့်ပတ်သက်၍ ထိရောက်စွာတားဆီး နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး နိုင်ခဲ့ပါသည်။ 23rd SOMTC နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်စဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ထိုင်းတော်ဝင် ရဲအဖွဲ့ ဒုတိယရဲချုပ် နှင့် အင်ဒိုနီးရှားနိုင်ငံ၊ မှုခင်းစုံစမ်းစစ်ဆေးရေးရဲဌာနအကြီးအကဲတို့နှင့် သီးခြားတွေ့ဆုံ၍ အွန်လိုင်းလိမ်ညာမှုနှင့် လောင်းကစားမှုများတိုက်ဖျက်ရေး၊ ရဲတပ်ဖွဲ့စွမ်း ရည်မြှင့်တင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ပါသည်။

          မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် အင်ဒိုနီးရှား နိုင်ငံ၊ ယော့ဂျကာတာမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၎င်းနေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN