မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်နှင့် မယ်ဆိုင်အကြားတွင် အသက် ၂၂ နှစ်အရွယ် မလေးရှာအမျိုးသမီး တစ်ဦးပျောက်ဆုံး

ဇွန်  ၉

    မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်နှင့် မယ်ဆိုင်အကြားတွင် အသက် ၂၂ နှစ်အရွယ် မလေးရှာအမျိုးသမီး တစ်ဦးပျောက်ဆုံးသွားကာ အဆက် အသွယ်ပြတ်တောက်သွားသည့်အတွက် မိဘများက လူပျောက်အဖြစ် ထိုင်းရဲထံ တိုင်ကြားထားကြောင်း၊  ထိုင်းမှ တစ်ဆင့် တာချီလိတ်ဘက်သို့ ဆက်သွယ်အကူအညီတောင်းခံထားကြောင်း သိရှိရပါသည်။

     သတင်းရင်းမြစ်များ၏ ပြောပြချက်အရ
Chong Sum Yee aka Angie ဆိုသူ မလေးရှားနိုင်ငံသူ တရုတ်လူမျိုးမှာ မယ်ဆိုင်- တာချီလိတ်နယ်စပ်ဂိတ်အနီး မယ်ဆိုင်ဘက်ရှိ ဟိုတယ်တစ်ခုတွင် မေလ ၂၉ ရက်နေ့က စတင်တည်းခိုခဲ့ကြောင်း၊ ထိုအမျိုးသမီး တည်းခိုခဲ့သည့် ဟိုတယ် ၏ လုံခြုံရေးကင်မရာမှတ်တမ်းအရ သူမကို ဟိုတယ်ဧည့်ခန်းတွင် ထိုင်နေသည်ကိုတွေ့ရပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက သူမကို တရင်းတနှီး နှုတ်ဆက်ခဲ့ပြီးနောက် ၎င်းတို့ ၂ ဦးစလုံး ဟိုတယ်အပြင်ဘက်သို့လမ်းလျှောက် ထွက်သွားကြကြောင်းလုံခြုံရေး ကင်မရာ မှတ်တမ်း တွင် စစ်ဆေးတွေ့ရှိရကြောင်း၊ ထိုလုံခြုံရေးကင်မရာမှတ်တမ်းများအရ ပျောက်ဆုံးသွားသည့် မလေးရှားအမျိုးသမီးက နောက်တစ်နေ့တွင် ဆိုင်ကယ် နောက်ခုံကနေ လိုက်ပါသွားခဲ့ပြီး ထိုဆိုင်ကယ်မှာ မယ်ဆိုင်မြို့နယ်အတွင်း ကော့ချန်းဘက်သို့ဦးတည်ခဲ့ ကြောင်း၊ မယ်ဆိုင်ဘက် တာဝန်ရှိသူများက ဆိုင်ကယ်မောင်းသူအမျိုးသမီးကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူမ၏ထွက်ဆိုချက်အရ မလေးရှားအမျိုးသမီး Angie က ကော့ချန်းရှိ မြန်မာနှင့် နယ်စပ်ချောင်း တစ်နေရာသို့ လိုက်ပို့ပေးရန် ဘတ် ၅၀၀ ပေးခဲ့ကြောင်းနှင့် မလေးရှားအမျိုးသမီး၏ မိုဘိုင်းဖုန်းအချက်ပြမှုမှာ ကော့ချန်းအရပ်တွင် ပျောက်သွားခဲ့ကြောင်း၊ကော့ချန်းသည် မြန်မာနိုင်ငံ တာချီလိတ်မြို့၏ ရန်အောင် မြေရပ်ကွက်အပိုင်းနှင့် အနီးစပ်ဆုံးနေရာ ဖြစ် ကြောင်း၊ ပျောက်ဆုံးသွားသည့် မလေးရှားအမျိုး သမီးမှာ မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများ တရားမဝင်ဖြတ်သန်းနေကြဖြစ်သည့် မယ်ဆိုင်ချောင်းကနေ တဆင့် တာချီလိတ်သို့ ရာနှုန်းပြည့် ဝင်ရောက်သွားခြင်း ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းဘက်က ပြောကြား ကြောင်း၊ ထိုင်းအစိုးရအရာရှိများက မြန်မာအာဏာပိုင်များကို ပျောက်ဆုံးနေသည့် အမျိုး သမီးကို ရှာဖွေပေးရန် အကြောင်းကြားထားကြောင်းနှင့် သူမ၏ မိသားစုထံမှ တရားဝင် လူပျောက်တိုင်ကြားမှုကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

     လက်ရှိတွင် ၎င်း၏ မိခင်ဖြစ်သူ Caiyun မှာ လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီနောက် ဇွန်လ ၇ ရက်နေ့က ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားခဲ့ပါသည်။ Caiyun ၏ အဆိုအရ သူမ၏ မိသားစုက အလှကုန်လုပ်ငန်းလုပ်ကိုင်ကြကြောင်း သိရသည်။

      သမီးဖြစ်သူ Angie ချင်းမိုင်သို့ ရောက်ရှိခဲ့ပြီးနောက် သူမနှင့်အဆက်အသွယ် မရတော့ကြောင်းလည်း Caiyun ပြောသည်။ သမီးဖြစ်သူမှာ လိမ်လည်လှည့်ဖျား၍ မြန်မာနိုင်ငံအတွင်းသို့နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်ခံရမည်ကို စိုးရိမ်ပူပန်ကြောင်းCaiyun က ဖွင့်ဟခဲ့သည်။ လက်ရှိတွင် ပျောက်ဆုံးနေသည့် သမီးနှင့် ပတ်သက်၍ သတင်းအချက်အလက်ကို စောင့် ဆိုင်းနေပြီး မယ်ဆိုင်တွင် နေထိုင်လျက်ရှိကြောင်း Caiyun က ပြောသည်။

      မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သည် တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထက် ဒုစရိုက်မှုများ အဆမတန်ပေါများပြီး တရားမဝင် ဝင်ရောက်နေထိုင်ကာ  အွန်လိုင်းလုပ်ငန်းများကို
လုပ်ကိုင်သည့် ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ ကမ္ဘာဒီးယား၊ မလေးရှား နှင့် လာအို စသည့် နိုင်ငံသူ နိုင်ငံသားများစွာလည်းရှိနေပြီး ယခု ဖြစ်စဉ်တွင် မိဘများက ၎င်း၏ သမီးဖြစ်သူ Angie ကို တာချီလိတ်တွင် တရုတ်လက်များထံ လူကုန်ကူးခံရမည်ကို စိုးရိမ်နေလျက်ရှိကြောင်း သိရှိရသည်။

Source: Bangkok Post

#PAN