ရုရှား-မြန်မာ နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာရေးထိုးသွားဖို့ နှစ်နိုင်ငံ သဘောတူ

PAN, မေ ၃၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးသွားဖို့ နှစ်နိုင်ငံ သဘောတူလိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Oolနဲ့ မြန်မာနိုင်ငံပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ ယမန်နေ့ မေလ ၃၀ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံစဉ် အခုလို MoU ရေးထိုးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံစဉ်မှာ ဦးသိန်းစိုးက ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတာတွေ၊ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးဆောင်ရွက်မည့်အခြေအနေတွေ၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်တွေ၊ မှတ်ပုံတင်ခွင့်တွေအတွက် စိစစ် ဆောင်ရွက်နေမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် H.E. Mr. Sholban Kara-Ool က ရုရှားနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အစဉ်အလာကောင်းတွေရှိခဲ့တာ ၇၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်ကတည်းက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာတွေ ရှိခဲ့သလို ရှေ့ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရုရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး အမြဲထောက်ခံအားပေးလျက် ရှိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

PAN