တောင်ကြီးမြို့  ၅ လမ်းဆုံတွင် ဖောက်ခွဲရေးသုံးပစ္စည်းများဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ်ချက်အရ ရောင်းချ‌ပေးသူနှင့်အတူဖောက်ခွဲရေး ပစ္စည်းများထပ်မံဖမ်းမိ

မေ ၃၁

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ၅ လမ်းဆုံ  စစ်ဆေးရေးဂိတ်တွင်  ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ထွန်းခင်၊ ၄၅ နှစ်၊ရန်ကင်းကျောက်တောင်၊ ဟိုပုံးမြို့နယ်နေသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အမိုနီယမ်နိုက်ထရိတ် ၁၅ ပိဿာ၊ လျှပ်စစ်ဒီတိုနေတာ ၅၀ ချောင်းတို့အား တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး  စစ်ကြောမေးမြန်းခဲ့ရာ ဟိုပုံးမြို့၊ အရှေ့ရပ်ကွက်နေ ရှီဘူး၊ ၅ဝ နှစ်၊ ဂေါ်ရခါး/ဗုဒ္ဓ၊ ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ရှီဘူးနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများ ထပ်မံဖမ်းမိခဲ့ပါသည်။

     ရှီဘူး၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာမှ ထပ်မံဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ တစ်အိတ်လျင် ၂၅ ကီလိုပါPower Sulphur ၁၃ အိတ်၊ အမိုနီယမ်နိုက်ထရိက် ၁၅ ပိဿာပါ (၃)အိတ်၊ MCC Cycle Steel Balls စက်ကူဗူး (၁၆)ဗူး၊ ရှမ်းယမ်းမှုန့် ၁ ပိဿာပါ ၆ ထုပ်၊ အမိုနီယမ်နိုက်ထရိတ် ၁ ပိဿာပါ ၃၃ ထုပ်၊ ဒီတိုနေတာ  ၉၀၀ ခု၊ ကန့်မှုန့် ၁ ပိဿာပါ ၂၅ ထုပ်၊ ပုလဲ ၁ ပိဿာပါ ၁၃ ထုပ်၊ ခဲသီး ၂၀၁၆ဝဝ လုံး၊ ရှမ်းယမ်းမှုန့် ၂ ကီလိုစီပါ အထုပ် ၆ ထုပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် တရား ၂ ဦးကို လိုအပ်သည့် စစ်ကြောမှုများပြုလုပ်ပြီး အကြမ်းဖက်ဥပဒေနှင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN