စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းမှာ ကယ်ဆယ်ရေးပစ္စည်းတွေ မုန်တိုင်းဒဏ်သင့်ဒေသတွေဆီ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ တာဝန်ရှိသူတွေ ကြည့်ရှုစစ်ဆေး

PAN- မေ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းမှာ ကယ်ဆယ်ရေးပစ္စည်းတွေ မုန်တိုင်းဒဏ်သင့်ဒေသတွေဆီ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ တာဝန်ရှိသူတွေ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းကို သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းမှာ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ For Tune သင်္ဘော၊ Sun Shine သင်္ဘောနဲ့ တပ်မတော်စစ်ရေယာဉ်တွေပေါ်က ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို စက်ယန္တရားကြီးတွေနဲ့ ရေယာဉ်/ မော်တော်ယာဉ်များပေါ်ကို တင်ဆောင်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေကို ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ အဖွဲ့ဟာ ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေ ရောက်ရှိလာပါက အချိန်ကြန့်ကြာမှုမရှိဘဲ ပစ္စည်းတွေ အတင်အချပြုလုပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြဖို့၊ ပစ္စည်းတွေ စနစ်တကျဖြန့်ခွဲနိုင်ရေး၊ ဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်ရေးနဲ့ ပြည်သူတွေလက်ထဲကို အမှန်တကယ် ရောက်ရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားကြဖို့ တာဝန်ရှိသူတွေကို မှာကြားခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး စစ်တွေမြို့ပတ်လမ်းတစ်လျှောက် လျှပ်စစ်မီးတိုင်တွေ ပြန်လည်ပြုပြင်ဆောင်ရွက်မှု အခြေအနေတွေနဲ့ စစ်တွေတပ်နယ်ဧည့်ရိပ်သာက ရိပ်သာ ပြန်လည်ပြုပြင်နေမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်တာတွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တွေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရဲ့ ခေါင်မိုး မိုးခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေတွေ၊ ကျောင်းသန့်ရှင်းရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး အခြေအနေတွေ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်း လုပ်ဆောင်နေမှုနေမှု အခြေအနေတွေကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရေးနဲ့ ကျောင်းဖွင့်ချိန်အမီ လုပ်ငန်းပြီးစီးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

PAN