ဖျာပုံမြို့တွင် လူသတ်ပြီး ပစ္စည်းလု ၊ အလောင်းဖျောက်သော တရားခံလင်မယား ၂ ယောက် ဖမ်းဆီးရမိ


မေ ၂၁

       ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့နယ်၊ဒေါ်ညိမ်းနယ်မြေ၊သရက်တောကျောင်းလမ်း၊အမှတ် (၃)ရပ်ကွက်နေ မမြင့်မြင့်သန်း၊ ၃၉ နှစ်၊ ဆိုသူနှင့် ဖျာပုံမြို့နယ်၊ ကံစုကျေးရွာနေ မဇင်မျိုးသူ၊ ၂၄ နှစ်တို့ကို သတ်ဖြတ်ပြီး ပစ္စည်းလု အလောင်းဖျောက်သည့် ပြစ်မှုကို ယမန်နှစ် အောက်တိုဘာ လကဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူ လင်မယား ၂ ယောက်ကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ
က ဖျာပုံမြို့နယ်၊ခါးပြတ်ကျေးရွာထဲတွင် ငါးလိုက်လံရောင်းချနေတဲ့ ဒေါ်မြင့်မြင့်သန်း ဆိုသူကို မနန်းအေးခမ်းဆိုတဲ့ အမျိုးသမီးက ငါးဝယ်ဦးမယ်လို့ ပြောကာ နေအိမ်အတွင်းကို ခေါ်ဆောင်ခဲ့ပြီး အိမ်ထဲကို ငါးသည် မမြင့်မြင့်သန်း ရောက်လာသည့်အခါ မနန်းအေးခမ်း၏ ယောကျ်ားဖြစ်သူမျိုးညွန့် ဆိုသူက အိမ်တံခါးပိတ်ကာ မမြင့်မြင့်သန်းရဲ့ ပါးစပ်ကိုပိတ် ခန္ဓာကိုယ်ကိုချုပ်ကိုင်ပေးပြီး မနန်းအေးခမ်းက ဓါးမြှောင်နဲ့ ထိုးသတ်ခဲ့ကြောင်း၊ အသတ်ခံရသည့် မမြင့်မြင့်သန်း၏ ကိုယ်ခန္ဓာပေါ်တွင် ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ၎င်းလင်မယား ၂ ယောက်က ချွတ်ယူပြီး အလောင်းကို ပီနံအိတ်ထဲထည့်ကာ ၎င်းတို့နေအိမ်၏ နောက်ဖေးခြံဝန်းထဲတွင် မြေမြုပ် ဖျောက်ဖျက်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အလားတူ ပြစ်မှုကျူးလွန်သူ မျိုးညွန့်ဆိုသူနှင့် မဇင်မျိုးသူ တို့သည် သမီးရည်းစား ဖြစ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖျာပုံမြို့၊
ဒေါ်ညိမ်းနယ်မြေ၊ အေးကုန်းကျေးရွာ သချိုင်းအနီးတွင် ချိန်းဆိုတွေခဲ့ကြကြောင်း၊ယင်းချိန်းသည့် နေရာတွင် မျိုးညွန့် ၏ မိန်းမဖြစ်သူ မနန်းအေးခမ်းက မျိုးညွန့်ရဲ့ အစ်မအဖြစ် ဟန်ဆောင်ကာ လူသူအခြေအနေ စောင့်ကြည့်ပေးရန် လိုက်ပါခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းနောက် မျိုးညွန့်ဆိုသူက မဇင်မျိုးသူရဲ့ ပါးစပ်ကို လက်နှင့် ပိတ်ကာသိုင်းချုပ်ထားပြီး မနန်းအေးခမ်းကအသင့်ယူဆောင်လာသော ဓားမြှောင်နဲ့ မဇင်မျိုးသူကိုထိုးသတ်ခဲ့ကြောင်း၊ထို့နောက် မဇင်မျိုးသူ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ချွတ်ယူပြီး အလောင်းကို မြေကျင်းအဟောင်းထဲ ပစ်ချပြီး ဖျောက်ဖျက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါ လူသတ်၊ ပစ္စည်းလု၊ အလောင်းဖျောက်တဲ့ ပြစ်မှုများနှင့်ပတ်သက်ပြီး ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းနယ်မြေရဲစခန်းက (ပ) ၂၇/၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂/၂၀၁/ ၃၄ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN