သံဖြူဇရပ်မြို့နယ်တွင် အမျိုးသား နှစ်ဦးအား လက်ပြန်ကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ခံရ

(မှုခင်း) မေ ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကော့လေးကျေးရွာအုပ်စုတွင် လက်ပြန်ကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသား နှစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း သိရသည်။

ယနေ့ နံနက် ၉နာရီ ၁၀ မိနစ်အချိန်ခန့်က သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းသွားကားလမ်းဘေးတွင် မျက်နှာ ဖူးရောင်ဒဏ်ရာများ၊ ယာဘက်ပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ၊ ရင်ဘတ်နှင့်လည်ပင်းများတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် လက်ပြန်ကြိုးတုပ်လျက် သေဆုံးနေသော အမျိုးသားအလောင်း နှစ်လောင်းအား တွေ့ရှိခဲ့သည်။

အဆိုပါအလောင်းများကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။မေလ၁၄ရက်နေ့တွင်လည်း ရေး-သံဖြူဇရပ်ကားလမ်းပေါ်တွင် ရေနံချေးလိုက်လံသုတ်သည့် အမျိုးသား သုံးဦးအား လက်ပြန်ကြိုးတုတ်၍ သေနတ်ဖြင့် ပစ်သတ်ခံရသည်။