အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရကြောင်း မိုးဇလမှ ထုတ်ပြန်

(မိုး/ဇလ)မေ ၂၁

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးဦးစီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

ထို့အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

CAPE တန်ဖိုး အလွန်မြင့်မားနေသည့် မေ ၂၁ နှင့် ၂၂ ရက်များတွင် မိုးရွာသွန်းပါက သာမန်မိုးရွာခြင်းမျိုး မဟုတ်ဘဲ ရုတ်တရက် မိုးသက်လေပြင်းကျခြင်း (Severe Squalls) ၊ မိုးကြိုးအကြိမ်ကြိမ်ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း ဖြစ်စဉ်များ ပြင်းထန်ပါမည်။ မွန်းလွဲနှင့် ညနေပိုင်း မိုးတိမ်တောင်များ ဖြစ်ထွန်းချိန်တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးကို အထူးဂရုပြုရမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ ပြောဆိုထားသည်။

ထို့ပြင် မေ ၂၄ ရက်နောက်ပိုင်းတွင် မုတ်သုံမိုး ရက်ဆက်ရွာသွန်းမှုပုံစံသို့ ကူးပြောင်းသွားမည်ဖြစ်ရာ ဧရာဝတီ တိုင်းတောင်ဘက်ခြမ်း ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနှင့် ကမ်းခြေဒေသများ (ချောင်းသာ၊ ငွေဆောင်၊ ငရုပ်ကောင်း) တွင် ၇ ရက်တာအတွင်း မိုးရေချိန် ၁၅၀ မှ ၂၀၀ mm ကျော်အထိ စုဆောင်းမိနိုင်သဖြင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများတွင် ရေဝပ်ခြင်းနှင့် လျှပ်တစ်ပြက် ရေကြီးခြင်းများကို သတိပြုရပါမည်ဖြစ်ကြောင်း၊၎င်းပြင် ၈၅၀ hPa (အမြင့်ပေ ၅၀၀၀) တွင် လေစီးကြောင်း အားကောင်းလာမည်ဖြစ်၍ ပင်လယ်ပြင်၌ လှိုင်းကြီးခြင်းနှင့် မိုးသက်လေပြင်းကျခြင်း များ ရက်ဆက်ဖြစ်ပွားနိုင်သဖြင့် ရေကြောင်းလုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများ အထူးသတိပြုရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် မေ ၂၁-၂၂ ရက်များတွင် ပြင်းထန်သော လေပြင်းအန္တရာယ်ရှိသဖြင့် စိုက်ပျိုးပင်များနှင့် သစ်ပင်ကြီးများအောက် ခိုလှုံခြင်းကို ရှောင်ကြဉ်ရန်နှင့်၊ မေ ၂၄ ရက်နောက်ပိုင်းတွင် ရက်ဆက်မိုးကြောင့် လယ်ကွင်းများအတွင်း ရေဝပ်နိုင်သဖြင့် ရေနုတ်မြောင်းများ ကြိုတင်ရှင်းလင်းထားရန် သုံးသပ်ခန့်မှန်းအကြံပြုလိုက်ကြောင်း ဖော်ပြထားသည်။