(စီးပွားရေး) မေ ၂၀
ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးနှင့် စားသုံးသူများထံသို့ မှန်ကန်စွာ ဖြန့်ဖြူးနိုင်ရေး လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က လက်လီ၊ လက္ကားကိုယ်စားလှယ်များအနေဖြင့် လက်လီလက္ကားမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်နှင့် အရည်အသွေးမှန်တို့ဖြင့် စားအုန်းဆီများ ပြည်သူများထံသို့ စနစ်တကျ ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ၊ လက္ကားနှင့် လက်လီဖြန့်ဖြူးရောင်းချသူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။