


(ပြည်တွင်း) နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ရင်ပြင်တော်နှင့် သာသနာ့ဗိမာန်တော်ဝင်းအတွင်း၌ တန်ဆောင်တိုင်ပွဲတော် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မြန်မာ့ရိုးရာမီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက် ၆ နာရီမှစတင်၍ ကျင်းပခဲ့ရာ ပြည်သူ ၃၀၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်မတော်အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာပြည်သူများ တက်ရောက်ခဲ့ကြသည်။





ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက စေတီတော်အား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်ရင်ပြင်၌ ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။
ထို့နောက် မြန်မာ့ရိုးရာမီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ တာဝန်ရှိသူများက မီးပုံးပျံငယ် အလုံး ၃၀၀ ကို ဘုရားဖူးလာပြည်သူများနှင့်အတူ လွှတ်တင်ကာ အခမ်းအနားဖွင့်လှစ်ပေးခဲ့ကြသည်။
ပွဲတော်အတွင်း မီးပုံးပျံလွှတ်တင်သည့်အဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြို့ချစ်မီး (ညမီးကျည်)၊ ညမီးကျည်မီးပုံးပျံ၊ တိမ်ကြယ်မီးနှင့် စိန်နားပန်မီးပုံးပျံများကို အသင်းအဖွဲ့အလိုက် လွှတ်တင်ပူဇော်ခဲ့ကြသည်။ ထို့အပြင် ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် မီးပုံးပျံအသင်းများအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။