(စီးပွားရေး) နိုဝင်ဘာ ၂၅
အဆောက်အဦများ၏ အမိုးပေါ်တွင် ဆိုလာပြားများတပ်ဆင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး နိုင်ငံတော်သို့ ပြန်လည်ရောင်းချနိုင်မည့် အမိုးတင်ဆိုလာစီမံကိန်းတွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။
အဆိုပါအစီအစဉ်ကို လာမည့်နွေရာသီမတိုင်မီ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဆိုလာပြားတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိသည့် ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီများကို ခွင့်ပြုပေးသွားမည်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်သူကုမ္ပဏီများနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုကာ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသွားမည်ဖြစ်သည်။
အမိုးတင်ဆိုလာတပ်ဆင်မည့် အဆောက်အဦပိုင်ရှင်များအနေဖြင့်လည်း ဆိုလာတပ်ဆင်ရန် အရင်းအနှီးငွေကြေး စိုက်ထုတ်ရန်မလိုဘဲ လစဉ်သုံးစွဲသည့် လျှပ်စစ်ဓာတ်အားခအပေါ် နှုန်းထားလျှော့ပေါ့မှု ရရှိမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းပထမအဆင့်တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဈေးစသည့် နိုင်ငံတော်ပိုင်အဆောက်အဦများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အဦများ၏ အမိုးများပေါ်တွင် စတင်တပ်ဆင်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် လူနေအိမ်အဆောက်အဦများအထိ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားသည်။
ထို့အပြင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ၁၀၀ ကီလိုဝပ်နှင့်အထက် တပ်ဆင်အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့် စံသတ်မှတ်ချက်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းအစီအစဉ်နှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်က နေပြည်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ပြီး အမိုးတင်ဆိုလာစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။
အဆိုပါစီမံကိန်းမှတစ်ဆင့် လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ (Consumer) များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲသူ (Prosumer) များအဖြစ် ပြောင်းလဲလာစေရန် ရည်ရွယ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN