(မှုခင်း) နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ် (က) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၁ ပြားနှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက်က သတင်းအရ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့သစ် (က) ရပ်ကွက်၊ ပိတောက်လမ်းရှိ ဉာဏ်လင်းအောင် (ခ) အငယ်ကောင်၊ အသက် ၄၂ နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ရှာဖွေစဉ် ၎င်းသည် နေအိမ်အပေါ်ထပ် ဘုရားစင်ရှေ့တွင် ရှိနေရာမှ အနက်ရောင်ဘေးလွယ်အိတ်တစ်လုံးကို ကိုင်ဆောင်ကာ နေအိမ်နောက်ဖေးခန်းသို့ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဘေးလွယ်အိတ်အတွင်း စစ်ဆေးရှာဖွေရာ ပလတ်စတစ်ကပ်ခွာအိတ်များနှင့် အအေးစုပ်ပိုက်များအတွင်း ထည့်သွင်းထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၉၅ ပြားနှင့် အစိမ်းရောင်ဆေးပြား ၆ ပြား၊ စုစုပေါင်း ၆၀၁ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ဉာဏ်လင်းအောင် (ခ) အငယ်ကောင်ကို ပဲခူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN