(မှုခင်း) နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် ဆက်စပ်၍ ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပနိုင်ငံသား ၇၅၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသား ၅၀၂ ဦး ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို စိစစ်ရာတွင် ၎င်းတို့သည် အင်တာနက်၊ လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုကာ တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထား၍ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ယင်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများ အဓိကအသုံးပြုသည့် မိတ်ဆွေဖွဲ့နှင့် Chat Application များအပြင် Telegram အပါအဝင် ဆက်သွယ်ရေးပလက်ဖောင်းများကို အသုံးပြုခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
စစ်ဆေးတွေ့ရှိချက်များအရ အွန်လိုင်းလိမ်လည်သူများသည် ပစ်မှတ်ထားခံရသူများ၏ အသက်အရွယ်၊ အလုပ်အကိုင်၊ ဝါသနာနှင့် လူမှုအဆင့်အတန်းတို့ကို လေ့လာပြီး ယုံကြည်မှုရရှိစေရန် အယောင်ဆောင်ဇာတ်ကောင်များ ဖန်တီးအသုံးပြုကြသည်။ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ အရာရှိများ၊ အစိုးရဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာတတ်များအဖြစ် ဟန်ဆောင်ခြင်း၊ သက်ဆိုင်ရာဇာတ်ကောင်နှင့် ကိုက်ညီသည့် ဓာတ်ပုံများနှင့် အထောက်အထားစာရွက်စာတမ်းအတုများ ပြင်ဆင်ထားခြင်းတို့ဖြင့် ပစ်မှတ်များ၏ ယုံကြည်မှုကို ရယူကြောင်း သိရသည်။
လိမ်လည်မှုနည်းလမ်းများတွင် ချစ်သူရည်းစားအဖြစ် ဟန်ဆောင်ကာ ရင်းနှီးမှုတည်ဆောက်ပြီး မိသားစုအရေးပေါ်အခြေအနေ၊ ကျန်းမာရေးပြဿနာနှင့် စီးပွားရေးအခက်အခဲများကို အကြောင်းပြ၍ ငွေကြေးတောင်းခံခြင်း၊ အမြတ်အစွန်းများစွာရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း မက်လုံးပေးခြင်းတို့ ပါဝင်သည်။
ထို့ပြင် အတုအယောင်ရင်းနှီးမြှုပ်နှံမှု Application များ၊ စတော့ရှယ်ယာပလက်ဖောင်းများနှင့် အမြတ်အစွန်းရရှိနေသကဲ့သို့ ပြသထားသည့် မှတ်တမ်းအတုများကို အသုံးပြုကြောင်း သိရသည်။ အစပိုင်းတွင် ယုံကြည်မှုရရှိစေရန် အမြတ်ငွေအချို့ ပြန်လည်ထုတ်ပေးသော်လည်း ရင်းနှီးမြှုပ်နှံသူများပြားလာသည့်အခါ Application များဖျက်သိမ်းခြင်း၊ ငွေပြန်လည်ထုတ်ယူခွင့်မပေးခြင်းတို့ဖြင့် လိမ်လည်ကြကြောင်း သိရှိရသည်။
အလားတူ ကံစမ်းမဲနှင့် ဆုကြေးငွေများရရှိမည်ဟု မက်လုံးပေးကာ ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အစိုးရဌာနများ၏ အမည်၊ အမှတ်တံဆိပ်နှင့် Website ပုံစံများကို တုပဖန်တီးထားသည့် Link အတုများ ပေးပို့ခြင်း၊ အွန်လိုင်းလောင်းကစားပလက်ဖောင်းအတုများတွင် အနိုင်ရရှိနေသကဲ့သို့ ဖန်တီးပြသခြင်းနှင့် လစာမြင့်မားသည့် အလုပ်အကိုင်များရရှိမည်ဟုဆိုကာ မှတ်ပုံတင်ကြေး၊ သင်တန်းကြေးနှင့် အာမခံကြေးများ တောင်းခံခြင်းတို့ကိုလည်း အသုံးပြုကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် AI နည်းပညာကိုပါ အသုံးချလာပြီး Deepfake နည်းပညာဖြင့် ထင်ရှားကျော်ကြားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရတာဝန်ရှိသူများ၏ မျက်နှာပုံရိပ်နှင့် အသံများကို တုပဖန်တီးကာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ယုံကြည်စိတ်ချရသည့် အစီအစဉ်များအဖြစ် လှည့်ဖြားကြောင်း သိရသည်။ ထို့အပြင် သတင်းဌာနများ၏ Website များနှင့် ပုံစံတူ Website အတုများတွင် အင်တာဗျူးအတု၊ သတင်းဆောင်းပါးအတုနှင့် ကြော်ငြာအတုများကို ဖော်ပြ၍ လိမ်လည်မှုများ ပြုလုပ်ကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နယ်စပ်ဒေသရှိ ဥပဒေစိုးမိုးမှုအားနည်းသည့် နယ်မြေများတွင် အခြေပြုလုပ်ကိုင်လေ့ရှိပြီး ငွေကြေးလိမ်လည်မှုအပြင် ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ဆက်စပ်ရာဇဝတ်မှုများကိုပါ ဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားသည်။ Scam Center များတွင် နိုင်ငံအသီးသီးမှ လူများကို အလုပ်အကိုင်ကောင်းများရရှိမည်ဟု လိမ်လည်ခေါ်ယူပြီးနောက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် ပါဝင်လုပ်ကိုင်စေသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။
ဖော်ပြချက်အရ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်သူအများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို ဖြတ်သန်းကာ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများဖြစ်ပြီး ရှမ်းပြည်နယ်ရှိ နယ်စပ်ဒေသများတွင် အခြေချလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုသည် နိုင်ငံတစ်နိုင်ငံတည်း၏ ပြည်တွင်းမှုခင်းပြဿနာမဟုတ်ဘဲ နိုင်ငံတကာ၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍများကိုပါ ခြိမ်းခြောက်နေသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ရပ်ဖြစ်သဖြင့် အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်နေကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့် အွန်လိုင်းမှရရှိလာသည့် သတင်းအချက်အလက်များကို စိစစ်အတည်ပြုရန်၊ မသင်္ကာဖွယ် Link များကို ရှောင်ကြဉ်ရန်နှင့် Password၊ OTP ကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းရန် တိုက်တွန်းထားပြီး သံသယဖြစ်ဖွယ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ပူးပေါင်းကြရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN