(ပြည်တွင်း) နိုဝင်ဘာ ၁၃
အမျိုးသမီးများ၏ တန်းတူအခွင့်အလမ်းရရှိရေး၊ ခွဲခြားဆက်ဆံမှုလျှော့ချရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးတို့အတွက် လုပ်ငန်းနယ်ပယ် ၁၂ ရပ်ကို အားကောင်းစွာ အကောင်အထည်ဖော်ရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ရှိ ကုမုဒြာခန်းမ၌ ကျင်းပခဲ့ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတက အဆိုပါအစည်းအဝေးသည် အမျိုးသမီးရေးရာဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ပြီးနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ကျင်းပသည့် ပထမဆုံး ဦးဆောင်ကော်မတီအစည်းအဝေးဖြစ်သဖြင့် မဟာဗျူဟာစီမံကိန်းကို သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသည့် အစပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီမံကိန်းအကောင်အထည်ဖော်ရာတွင် အဓိကအချက်ငါးချက်ကို အလေးထားဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ ယင်းတို့မှာ လုပ်ငန်းနယ်ပယ် ၁၂ ရပ်အတွက် တာဝန်ခံဌာနများနှင့် ပူးပေါင်းအဖွဲ့အစည်းများအကြား ညှိနှိုင်းမှုအားကောင်းစေရေး၊ အမျိုးသမီးများ၏ လက်တွေ့လိုအပ်ချက်အပေါ် အခြေခံ၍ မြို့ပြ၊ ကျေးလက်နှင့် ဒေသအလိုက် ဦးစားပေးလုပ်ငန်းများ သတ်မှတ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များကို ရလဒ်အခြေပြု အသုံးချရေးတို့ ပါဝင်သည်။
ထို့အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သူများအဖြစ် အသိအမှတ်ပြုအားပေးရန်နှင့် လုပ်ငန်းရလဒ်များကို ပုံမှန်စောင့်ကြည့်အကဲဖြတ်ကာ လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို အချိန်မီဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းသည် အမျိုးသမီးများ၏ အခွင့်အရေး၊ အခွင့်အလမ်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကဏ္ဍစုံမှ စနစ်တကျမြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒနှင့် လုပ်ငန်းလမ်းညွှန်တစ်ရပ်ဖြစ်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့သည့် NSPAW (၂၀၂၃-၂၀၃၂) အကောင်အထည်ဖော်မှု သုံးသပ်ခြင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက လုပ်ငန်းနယ်ပယ် ၁၂ ရပ်ကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်း ကဏ္ဍအလိုက် တင်ပြခဲ့ကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေသွယ်ကြည်က အစည်းအဝေးဆုံးဖြတ်ချက်များကို တင်ပြခဲ့ပြီး ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN