ပဲခူးတိုင်းလွှတ်တော်က အတည်ပြုခဲ့သည့် တရားသူကြီးသစ် ဒေါ်စန္ဒာကျော် ကတိသစ္စာပြု

(လွှတ်တော်) နိုဝင်ဘာ ၁၃

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့တွင် တရားသူကြီးအဖြစ် အသစ်ခန့်အပ်ခံရသည့် ဒေါ်စန္ဒာကျော်က ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၇၄ ဦးအနက် ၆၂ ဦး တက်ရောက်ခဲ့သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၈၃ ဒသမ ၇၈ ရှိခဲ့သည်။

ဒေါ်စန္ဒာကျော်သည် ၂၀၁၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ အရ ကတိသစ္စာပြုခဲ့ခြင်းဖြစ်သည်။ ၎င်းကို နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်က သဘောတူအတည်ပြုခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုဝင်ဘာ ၃ ရက်စွဲပါ အမိန့်စာဖြင့် လစ်လပ်နေသည့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနေရာ၌ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စာရင်းအင်းပညာရှင်၊ ဥပဒေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူသုံးဦးနှင့် သတင်းမီဒီယာလေးဦးတို့လည်း တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ဒုတိယနေ့တွင် ခွင့်ပန်ကြားသည့် လွှတ်တော်ကိုယ်စားလှယ် ကိုးဦးကို ခွင့်ပြုခဲ့ရာ ပထမနေ့က ခွင့်ပြုထားသူ သုံးဦးနှင့်ပေါင်းပါက ခွင့်ပြုထားသူ စုစုပေါင်း ၁၂ ဦးရှိခဲ့သည်။ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် တက်ရောက်မှုမှတ်တမ်းကိုလည်း အတည်ပြုခဲ့သည်။

ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရပ်နားခဲ့ရာ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပြီးဆုံးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN