ထိုင်းနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ပံ့ပိုးမည်ဟု ပြောကြား

(နိုင်ငံတကာ) နိုဝင်ဘာ ၁၃

နေပြည်တော်သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့သည် နှစ်နိုင်ငံအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးချဲ့ပေးအပ်နေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှုတို့အပါအဝင် အပြုသဘောဆောင်သည့် တိုးတက်မှုများကို အသိအမှတ်ပြု ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးခဲ့သည့် အကြောင်းအရာများတွင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ မြစ်ရေညစ်ညမ်းမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည်။

ထို့အပြင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ သွင်းကုန်ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ဆက်သွယ်ချိတ်ဆက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN