(ပြည်တွင်း) နိုဝင်ဘာ ၁၂
သတင်းထောက်ကတ်များကိုင်ဆောင်ထားသော်လည်း သတင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိဘဲ စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်သစ်ခိုးယူမှုများ၊ လောင်းကစားလုပ်ငန်းများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများတွင် ငွေကြေးတောင်းခံခြင်း၊ မလျော်ဩဇာသုံး၍ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်နေသူများကို အထောက်အထားခိုင်လုံစွာ တင်ပြလာပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပေးထားသည့် သို့မဟုတ် အမည်အမျိုးမျိုးဖြင့် ရပ်တည်နေသည့် သတင်းဌာနများ၏ အမည်ကို အသုံးပြုကာ သတင်းထောက်ကတ်များကို ငွေကြေးဖြင့် တစ်ဆင့်ပြန်လည်ထုတ်ပေးနေမှုများကို စိစစ်အရေးယူပေးရန် မီဒီယာများက မေးမြန်းခဲ့ကြခြင်းဖြစ်သည်။
ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၄၊ ၅ နှင့် သက်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၃၊ ၄၊ ၅၊ ၆၊ ၇ တို့အရ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးနေကြောင်း ရှင်းလင်းခဲ့သည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်တို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ထားကြောင်းလည်း ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။
အလားတူ သတင်းမီဒီယာဥပဒေ အခန်း (၃)၊ ပုဒ်မ ၄ မှ ၈ အထိတွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီး အခန်း (၄)၊ ပုဒ်မ ၉ တွင် လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကို သတ်မှတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းလင်းခဲ့သည်။
သို့ဖြစ်ရာ သတင်းထောက်ကတ်အမည်ခံ၍ ငွေကြေးတောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြားမလျော်ကန်သည့် လုပ်ရပ်များ ကျူးလွန်နေမှုများအတွက် အထောက်အထားခိုင်လုံစွာ တင်ပြလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ သတင်းမီဒီယာဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြေကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN