(မှုခင်း) နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာမှ ကာလတန်ဖိုးငွေကျပ်သိန်း ၆,၀၀၀ ခန့်ရှိ စိတ်ကြွဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် နံနက် ၆ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင် စစ်ဆေးရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အဆိုပါနေရာ၌ ကျော်နိုင် မောင်းနှင်ပြီး ဇေယျာကျော်နှင့် အောင်ခင်တို့ လိုက်ပါလာသည့် TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၀၀၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်နိုင် (၄၂) နှစ်၊ ဇေယျာကျော် (၄၃) နှစ်နှင့် အောင်ခင် (၃၅) နှစ်တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆက်များ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN