မော်လမြိုင်တွင် ဆိုင်ကယ်ခိုးသူကို လိုက်ဖမ်းရာ ပိုင်ရှင်အား ဓားဖြင့်ပြန်ထိုး၊ လမ်းသွားလမ်းလာများ ဝိုင်းအော်ဟစ်သဖြင့် ထွက်ပြေး

(မှုခင်း) နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ခိုးယူခံရသည့် ဆိုင်ကယ်ကို ပိုင်ရှင်ဖြစ်သူက နောက်မှလိုက်လံရှာဖွေရာ ခိုးယူသူနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး ဆိုင်ကယ်ပြန်တောင်းစဉ် ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မော်လမြိုင်မြို့ရှိ ရွှေစပါးနှံ ဆိုင်ကယ်ကယ်ရီ (Taxi) မောင်းနှင်သူ လူငယ်အမျိုးသားတစ်ဦးသည် အမေရိကန်ဆေးရုံဟု လူသိများသည့် ကလေးဆေးရုံတွင် ဈေးရောင်းနေသော ဇနီးဖြစ်သူအား အိမ်ပြန်ရန် သွားရောက်ကြိုဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဇနီးဖြစ်သူမှာ ဈေးရောင်းချမှု မပြီးဆုံးသေးသဖြင့် ခင်ပွန်းဖြစ်သူက ဆိုင်ကယ်ကို ဇက်သော့ခတ်ထားခဲ့ပြီး ဆေးရုံအပြင်ဘက် မလှမ်းမကမ်းရှိ ခုံတန်းပေါ်တွင် အိပ်ပျော်နေခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇနီးဖြစ်သူ ရောက်ရှိလာချိန်တွင် ၎င်းတို့၏ ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက မောင်းနှင်ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့သဖြင့် ခင်ပွန်းဖြစ်သူအား နှိုး၍ အသိပေးခဲ့ရာ ဆိုင်ကယ်အခိုးခံရမှန်း သိရှိခဲ့ရသည်။

ထို့နောက် အနီးအနားရှိ ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းကာ ခိုးယူသွားသူနောက်သို့ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

လိုက်လံရှာဖွေရာမှ ခိုးယူခံရသည့် ဆိုင်ကယ်ကို သီရိမြိုင်ဘက်အလွန် ငါးကန်ဘက်ခြမ်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ရှေ့မှ ပိတ်ရပ်ကာ ဆိုင်ကယ်ကို မည်သူ့ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း မေးမြန်းခဲ့ရာ ခိုးယူသူအမျိုးသားက ပိုင်ရှင်၏ဆိုင်ကယ်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသားသည် ခါးကြားရှိ ဓားအိမ်အတွင်းမှ ဓားကို ဆွဲထုတ်ကာ ဆိုင်ကယ်ပိုင်ရှင်အား တိုက်ရိုက်ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဆိုင်ကယ်ပိုင်ရှင်မှာ ဓားဖြင့်ထိုးမှုကို ရှောင်တိမ်းနိုင်ခဲ့သည့်အပြင် ဓားကိုင်ထားသည့် လက်ကိုပါ အတင်းပြန်လည်ချုပ်ကိုင်ထားနိုင်ခဲ့သည်။

ထိုအချိန် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးက ဖြစ်စဉ်ကို မြင်တွေ့ခဲ့ပြီး “ဆိုင်ကယ်သူခိုး” ဟု ဝိုင်းဝန်းအော်ဟစ်ကာ အကူအညီတောင်းခံခဲ့သဖြင့် ခိုးယူသူမှာ ရေမြောင်းအတွင်းသို့ ခုန်ဆင်း၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ဆိုင်ကယ်ပိုင်ရှင်အမျိုးသားမှာ ဓားဖြင့်တိုက်ခိုက်ခံရသော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဘဲ ခိုးယူခံရသည့် ဆိုင်ကယ်ကိုမူ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN