၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များ လေ့လာရန် ကိုယ်စားလှယ် ၉၀ ဦးပါ ပူးပေါင်းကော်မတီ ဖွဲ့စည်း

(လွှတ်တော်) နိုဝင်ဘာ ၁၂

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ တို့ပါ အချက်များကို လေ့လာသုံးသပ်ပြီး ဥပဒေမူကြမ်းများ ပြုစုနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးပါဝင်သည့် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါကော်မတီ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်က နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့၌ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းမည့် လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့ ပါဝင်မည်ဖြစ်သည်။

ကော်မတီ၏ တာဝန်အသီးသီးကိုလည်း သတ်မှတ်ထားပြီး ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးလှသိန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်နွယ်နွယ်ဦး၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇) မှ ဦးဇင်မင်းထက်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ဒုတိယနာယကက ရှင်းလင်းခဲ့သည်။

ထို့ပြင် ကော်မတီ၏ ဦးတည်ချက် ၃ ရပ်၊ တာဝန် ၁၁ ရပ်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ကော်မတီဖွဲ့စည်းရေး အမိန့်ကြော်ငြာစာမူကြမ်းနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

အဆိုပါ ပူးပေါင်းကော်မတီဖွဲ့စည်းရန် အဆိုကို နိုဝင်ဘာ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇) မှ ဦးဇင်မင်းထက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN