(စီးပွားရေး) နိုဝင်ဘာ ၁၁
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သမဝါယမအသင်းသားတောင်သူများအား သတ်မှတ်အရည်အသွေးရှိသော ဝါနှင့် မတ်ပဲမျိုးစေ့များ ပံ့ပိုး၍ လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်ရေးစီမံချက် ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးနှင့် သမဝါယမကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် အလေးထားဦးတည် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယနေ့အခမ်းအနားသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်တွင် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုဖြင့် သမဝါယမကဏ္ဍနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ မြင့်တက်လာစေရေး စီမံဆောင်ရွက်ရန်၊ လိုအပ်သလို သမဝါယမအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သွားရန်နှင့် လယ်ယာမြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အရေးပါသည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော အချက်လေးချက်အနက် အဓိကအကျဆုံးဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ယခုစီမံချက်က အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ယခုစီမံချက်မှတစ်ဆင့် အရည်အသွေးကောင်းမွန်သည့် သီးနှံများ အထွက်တိုးလာခြင်း၊ မိသားစုဝင်ငွေ တိုးတက်မြင့်မားလာခြင်းနှင့် စိုက်ပျိုးရေးစံနှုန်းကောင်းများ ချမှတ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါစီမံချက်သည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သမဝါယမဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဝါမျိုးစေ့ ၄၅၀ ဂရမ်ပါ အိတ် ၈၀၀ နှင့် မတ်ပဲမျိုးစေ့ ၁ ကီလိုဂရမ်ပါ အိတ် ၃,၅၀၀ တို့ကို ပျော်ဘွယ်၊ ရမည်းသင်း၊ ဖြူးနှင့် ကျောက်တံခါးမြို့နယ် လေးမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူ ၅၄၇ ဦး၏ စိုက်ပျိုးမြေ ၁,၅၂၅ ဧကတွင် အပြည့်အဝစိုက်ပျိုးအောင်မြင်နိုင်ရေးအတွက် အချိန်မီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
စီမံချက်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း သမဝါယမအသင်းများမှတစ်ဆင့် မတ်ပဲမျိုးစေ့များ ပြန်လည်မျိုးပွားထုတ်လုပ်ခြင်း၊ နည်းပညာပံ့ပိုးခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur က မြန်မာ-အိန္ဒိယနှစ်နိုင်ငံ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်မှ စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံချက်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စီမံချက်ကျေးရွာမှ သမဝါယမအသင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်းရှိ သမဝါယမအသင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် သမဝါယမစနစ်ဖြင့် စနစ်တကျ စုပေါင်းစိုက်ပျိုးဆောင်ရွက်ရေး၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာစေရေး၊ ခိုင်မာအားကောင်းသည့် စံပြအသင်းများဖြစ်လာစေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကမောင်းနှင်အားဖြစ်သည့် အသင်းများဖြစ်လာစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့သည်။
ထို့အပြင် ချေးငွေအပေါ် အခြေခံရပ်တည်ခြင်းမှ ကိုယ်တိုင်ရပ်တည်လည်ပတ်နိုင်သည့် အသင်းများအဖြစ် မြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိပြီး ကောင်းမွန်သောစီမံခန့်ခွဲမှုရှိသည့် အဂတိကင်းစင်သော အသင်းများဖြစ်လာစေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေး တိုးချဲ့ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။
ယင်းနောက် သမဝါယမအသင်းသားတောင်သူများ၏ တင်ပြချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN