ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်း ဒီဇင်ဘာ ၇ ရက် စတင်တင်သွင်းနိုင်မည်

(ပြည်တွင်း) နိုဝင်ဘာ ၁၁

၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှစတင်၍ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

အဆိုပါကြေညာချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၇၁/၂၀၂၆) ဖြင့် ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ အမည်စာရင်းတင်သွင်းလွှာများ ရုပ်သိမ်းခြင်းနှင့် စိစစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို သတ်မှတ်ကြေညာခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင်၏ ကြေညာချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ စတင်တင်သွင်းနိုင်မည့်ရက်မှာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်ဖြစ်ပြီး နောက်ဆုံးတင်သွင်းရမည့်ရက်မှာ ဒီဇင်ဘာ ၂၁ ရက်ဖြစ်သည်။

ထို့ပြင် အမည်စာရင်းတင်သွင်းလွှာများကို ပြန်လည်ရုပ်သိမ်းလိုပါက ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ရုပ်သိမ်းနိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Telegram – t.me/positiveanglenews

#PAN