(နိုင်ငံတကာ) နိုဝင်ဘာ ၇
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်ချမ်းမြို့နယ်ရှိ မယ်နာချွန်ကျေးရွာ ဘန်မိုင်စန္ဒိပဿနာတွင် နိုဝင်ဘာ ၆ ရက် ည ၉ နာရီခန့်က မိုးကြိုးပစ်မှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၂၀ ဦးအနက် ၄ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း၊ အသင့်အတင့်ဒဏ်ရာရရှိသူ ၄ ဦးကို အဝါရောင်အဆင့်၊ ဒဏ်ရာအနည်းငယ်ရရှိသူ ၁၂ ဦးကို အစိမ်းရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါမိုးကြိုးပစ်မှုဖြစ်ပွားသည့်နေရာမှာ သွားလာရေးခက်ခဲသည့်အပြင် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ မရရှိသော ဝေးလံခေါင်သီသည့်ဒေသဖြစ်သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဒဏ်ရာရရှိသူအချို့မှာ ဆေးကုသမှုခံယူပြီးနောက် နေအိမ်များသို့ ပြန်သွားကြသော်လည်း အချို့မှာ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန်အတွက် ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေရကြောင်း သိရသည်။
သေဆုံးသူ၏ ဆွေမျိုးများမှာလည်း ဘာသာရေးအခမ်းအနားများ ပြုလုပ်နိုင်ရန်အတွက် ရုပ်အလောင်းကို ပြန်လည်ရယူရေး စောင့်ဆိုင်းနေကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN