(ပြည်တွင်း) နိုဝင်ဘာ ၇
ဖားကန့်ဒေသ၏ ကုန်စည်စီးဆင်းရေးနှင့် ပြည်သူများ၏ နေ့စဉ်သွားလာရေးအတွက် အဓိကအားထားရသည့် ဖားကန့်-ကာမိုင်းလမ်း ပြန်လည်ကောင်းမွန်လာစေရန် ဇုန် ၃ ဇုန်ခွဲ၍ စက်ယန္တရား ၆၉ စီးဖြင့် ပြုပြင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့၏ ပင်မလမ်းမကြီးဖြစ်သည့် ဖားကန့်-ကာမိုင်းလမ်းမှာ သွားလာရန်ခက်ခဲသည့်အထိ ယိုယွင်းပျက်စီးနေသဖြင့် ဖားကန့်မြို့နယ်ရှိ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသတွင်းကုမ္ပဏီလုပ်ငန်းရှင်များ ပူးပေါင်းကာ ကိုယ်ထူကိုယ်ထ စုပေါင်းလမ်းပြုပြင်ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါကော်မတီကို ဆရာတော် ဦးဘီတူဂျာက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးခိုင်ထွဋ်အောင်က ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူထားပြီး အဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ကော်မတီဝင်များက မြေပြင်သို့ ကွင်းဆင်းလေ့လာပြီးနောက် ဖားကန့်-ကာမိုင်းလမ်းကို ရ မိုင်မှ နန့်ယားအထိ ဇုန် (၁)၊ နန့်ယားမှ မအူပင်အထိ ဇုန် (၂)၊ မအူပင်မှ ကာမိုင်းအထိ ဇုန် (၃) ဟူ၍ သုံးပိုင်းခွဲကာ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လမ်းပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်ခဲ့ပြီး ရက်ပေါင်း ၇၅ ရက်အတွင်း အပြီးဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ဂရေဒါ၊ လမ်းကြိတ်စက်၊ ဘက်ဟိုး၊ ရေဘောက်ဆာ၊ ဆီဘောက်ဆာနှင့် မြေသယ်ယာဉ်များအပါအဝင် စက်ယန္တရားစုစုပေါင်း ၆၉ စီး အသုံးပြုသွားမည်ဖြစ်သည်။
ထို့ပြင် ခွဲကျောက်နှင့် သဲကျောက်များကို စနစ်တကျ အထပ်ထပ်ခင်းခြင်း၊ ရေထပ်ခါတလဲလဲ ဖျန်းပေးခြင်းနှင့် လမ်းကြိတ်စက်များဖြင့် ကြိတ်ခြင်းတို့ကို ဆောင်ရွက်ကာ လမ်းသားခိုင်မာမှုရှိစေရန် ကျွမ်းကျင်စက်ယန္တရားမောင်းနှင်သူများ၊ အင်ဂျင်နီယာများနှင့် ကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၁ ရက်တွင်လည်း ကာမိုင်း-မအူပင်လမ်းပိုင်းကို တာဝန်ယူထားသည့် အဖွဲ့ (Group 3) က ကောင်ရာကျေးရွာအနီးမှ ဂျင်းမြေများကို ဘက်ဟိုး ၂ စီးနှင့် မြေသယ်ယာဉ် ၆ စီး အသုံးပြု၍ သယ်ယူကာ လမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများတွင် ကိုယ်ထူကိုယ်ထ စုပေါင်းလမ်းဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်နေကြပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကလည်း လိုအပ်သည်များကို ပူးပေါင်းကူညီပေးခဲ့ကြကြောင်း သိရသည်။
ယင်းလမ်းပြုပြင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ဖားကန့်ဒေသ၏ ကုန်စည်စီးဆင်းရေးနှင့် ပြည်သူများ၏ နေ့စဉ်သွားလာရေးအတွက် အဓိကအားထားရသည့် လမ်းပြန်လည်ကောင်းမွန်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ပေးနေသူအားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

Telegram – t.me/positiveanglenews
#PAN