(မှုခင်း) နိုဝင်ဘာ ၇
စစ်ကိုင်းမြို့တွင် ကျပ် ၂ ဒသမ ၂၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ ဒသမ ၃ သိန်းကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်သယ်ဆောင်သူနှစ်ဦးကိုပါ ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် သတင်းအရ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီး၌ မျိုးနိုင်ဝင်း(ခ)ကိုမျိုး မောင်းနှင်ပြီး မခင်မိမိစိုးနှင့် မထက်ထက်တို့ လိုက်ပါလာသော PAJERO မော်တော်ယာဉ်ကို စစ်ဆေးရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ပေးသူ စိုင်းမျိုးနိုင်(ခ)ကိုမိုးကို ကျောက်မဲမြို့၊ ရပ်ကွက်(၉)ရှိ နေအိမ်တွင်လည်းကောင်း၊ နိုဝင်ဘာ ၃ ရက်တွင် ရဲကိုကိုဝင်းကို ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာအနီး၌ ဆေးပြားများသယ်ဆောင်ရာတွင် အသုံးပြုသည့် AD VAN မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုကို အဓိကစီမံခန့်ခွဲသူမှာ ဝမ်ဟိုင်းရွာနေ ကိုလတ်(ခ)အားတီဖြစ်ပြီး ဖမ်းဆီးရန်ကျန်ရှိနေကြောင်း သိရသည်။
၎င်း၏စီမံမှုဖြင့် စိုင်းမျိုးနိုင်(ခ)ကိုမိုးနှင့် ရဲကိုကိုဝင်းတို့က ဝမ်ဟိုင်းမှ မန္တလေးသို့ သယ်ဆောင်ကာ မန္တလေးမှ ကလေးမြို့သို့ မျိုးနိုင်ဝင်း(ခ)ကိုမျိုးတို့က ဆက်လက်သယ်ဆောင်ရောင်းဝယ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။
ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN