အယ်လ်နီညိုကာလ ရေရှားပါးနိုင်သည့် ကျေးရွာများအတွက် ရေသယ်ယာဉ်ဖြင့် ဖြန့်ဝေရန် လိုအပ်ချက်နှင့် ကုန်ကျစရိတ် ကြိုတင်တွက်ချက်ထားရန် မှာကြား

(ပြည်တွင်း) နိုဝင်ဘာ ၆

အယ်လ်နီညိုဖြစ်စဉ်ကာလအတွင်း ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူပြီး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရန် လိုအပ်ချက်နှင့် ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက်ထားရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက မှာကြားခဲ့သည်။

နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေရှားပါးနိုင်သည့် ကျေးရွာများအတွက် ကျေးရွာလူဦးရေနှင့် ရေလိုအပ်ချက်၊ ရေအရင်းအမြစ်နှင့် အကွာအဝေး၊ ဖြန့်ဝေရမည့် ရေပမာဏ၊ ကြာမြင့်ချိန်နှင့် စက်သုံးဆီကုန်ကျစရိတ်တို့ကို ခိုင်မာသည့် အချက်အလက်များအပေါ် အခြေခံ၍ ကြိုတင်တွက်ချက်ထားရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN