မြန်မာ-အိုမန် လေကြောင်းဝန်ဆောင်မှုသဘောတူညီချက် လက်မှတ်ရေးထိုး၊ ခရီးသည်နှင့် ကုန်စည်တင် လေကြောင်းခရီးစဉ်များ ပူးပေါင်းပြေးဆွဲနိုင်မည်

(နိုင်ငံတကာ) နိုဝင်ဘာ ၆

မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးကဏ္ဍကို စီမံခန့်ခွဲရန်နှင့် အရပ်ဘက်လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အိုမန်သတင်းအေဂျင်စီ၏ X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှု တိုးချဲ့ရန်နှင့် လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။

သဘောတူညီချက်ကို မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်နှင့် အိုမန်နိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) ဥက္ကဋ္ဌ အင်ဂျင်နီယာ နိုက်ဖ် ဘင် အလီ အယ်လ် အာဘရီ (Eng. Naif bin Ali Al Abri) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် အပိုဒ် ၂၆ ပိုဒ် ပါဝင်ပြီး နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမည့် လမ်းကြောင်းများကို အသေးစိတ်ဖော်ပြထားသည့် နောက်ဆက်တွဲတစ်ခုလည်း ပါဝင်သည်။ ထို့ပြင် လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် စီးပွားရေး၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများကိုလည်း ထည့်သွင်းသတ်မှတ်ထားသည်။

အဆိုပါသဘောတူညီချက်အရ နှစ်နိုင်ငံစလုံးက သတ်မှတ်တာဝန်ပေးအပ်ထားသည့် လေကြောင်းလိုင်းများသည် ခရီးသည်တင်နှင့် ကုန်စည်တင် လေယာဉ်ခရီးစဉ်များကို ချောမွေ့စွာ ပြေးဆွဲနိုင်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဘောင်များ ရရှိမည်ဖြစ်သည်။ ထို့အပြင် ပူးတွဲပြေးဆွဲသည့် လေယာဉ်ခရီးစဉ်များတွင် Code-sharing ပြုလုပ်နိုင်မည့် အခွင့်အလမ်းများလည်း ပါဝင်သည်။

ယခုသဘောတူညီချက်သည် အရပ်ဘက်လေကြောင်းကဏ္ဍတွင် မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိုမန်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံနှင့် နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။ Photo – The Global News Light of Myanmar

Telegram – t.me/positiveanglenews

#PAN