ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာနတ်ကတော်တစ်ဦး တရားမဝင်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရ

(နိုင်ငံတကာ) နိုဝင်ဘာ ၆

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေတွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက မြန်မာနတ်ကတော်တစ်ဦးကို တရားမဝင်အလုပ်လုပ်ကိုင်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ မဟာချိုင်နယ်မြေရှိ အခန်းတစ်ခုတွင် မသင်္ကာဖွယ်ရာ ရုပ်တုများတွေ့ရှိရကြောင်း သတင်းအရ ထိုင်းအာဏာပိုင်များက နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရာတွင် ဘိုးတော်သိကြားမင်း၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်နှင့် အတွင်း ၃၇ မင်း စသည့် နတ်ရုပ်တုများကို တွေ့ရှိခဲ့ပြီး နတ်ကတော်၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို စစ်ဆေးရာ ခွင့်ပြုထားသည့် လုပ်ငန်းနှင့် လက်တွေ့လုပ်ကိုင်နေသည့် လုပ်ငန်းတို့ ကိုက်ညီမှုမရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူသည် ကိုကြီးကျော်၊ မနှဲလေးတို့ကို ကန်တော့ပွဲပေးခြင်းကဲ့သို့သော နတ်ပူဇော်ပသမှုလုပ်ငန်းများအပြင် မြန်မာ့ရိုးရာနက္ခတ်ပညာဖြင့် အနာဂတ်အခြေအနေများကို ကြိုတင်ဟောကိန်းထုတ်သည့် ဗေဒင်ဟောပြောခြင်းလုပ်ငန်းများလည်း လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နတ်ကတော်နှင့် ဗေဒင်ဆရာကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုင်းဥပဒေပုဒ်မ ၈ အရ တရားမဝင်အလုပ်လုပ်ကိုင်မှုဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN