(ပြည်တွင်း) နိုဝင်ဘာ ၆
နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လာမည့် နိုဝင်ဘာ ၉ ရက်မှစ၍ မိုးရွာသွန်းမှု သိသိသာသာတိုးလာနိုင်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
မိုးလွန်ကာလ လေအေးနှင့် လေပူဆုံတွေ့မှုကြောင့် အထူးသဖြင့် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့၌ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် နေရာကွက်ကျား မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့၌ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး နောက်ရက်များတွင် မိုးအနည်းငယ်ကျဲသွားမည်ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်မူ နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအောက်ပိုင်းနှင့် တောင်ပိုင်းဒေသများဖြစ်သည့် ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင်လည်း ထိုင်းနိုင်ငံ၏ မိုးလေဝသသတိပေးချက်နှင့်အညီ မိုးလွန်ကာလ လေစီးကြောင်းများကြောင့် နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အတွင်း မိုးရွာသွန်းမှု ဆက်လက်ရှိနေမည်ဖြစ်ပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ တောင်ခြေဒေသများနှင့် ရခိုင်ရိုးမတောင်တန်းဒေသများတွင် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း မိုးရေချိန်စုစုပေါင်း များပြားနိုင်သဖြင့် တောင်ကျချောင်းရေလျှံခြင်းနှင့် တောင်စောင်းမြေပြိုခြင်းအန္တရာယ်များကို သတိပြုကြရန် ဆရာဝင်းနိုင်က တိုက်တွန်းအသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN