ပင်လောင်းမြို့နယ်တွင် တစ်ရက်အတွင်း မိုးကြိုးပစ်ခတ်မှု ၃ နေရာဖြစ်ပွား၊ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာ ၅ ရက် တစ်ရက်တည်းအတွင်း မိုးကြိုးပစ်ခတ်မှု ၃ နေရာဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးကြိုးပစ်ခတ်မှုများမှာ စင်းတောင်းကျေးရွာအုပ်စု၊ ထီတလီကျေးရွာ၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူရွာနှင့် တီကျစ်ဒေသ၊ ဘုရားမဲရွာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထီတလီကျေးရွာတွင် နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းက ခရမ်းချဉ်စိုက်ခင်းအတွင်း ခရမ်းချဉ်သီးခူးနေသူများ မိုးရွာလာသဖြင့် မိုးကာတဲအတွင်း မိုးခိုနေစဉ် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ရာ အသက် ၃၃ နှစ်အရွယ် ခွန်မိုးသိန်းကျော် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ထီတလီကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ပင်လောင်း-ထီတလီကားလမ်းဘေးရှိ ခရမ်းချဉ်စိုက်ခင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ပင်လောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူရွာတွင်လည်း အာလူးခြံအတွင်း အလုပ်လုပ်နေသူများကို မိုးကြိုးပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် တီကျစ်ဒေသ၊ ဘုရားမဲရွာတွင် ဖြစ်ပွားခဲ့သည့် မိုးကြိုးပစ်ခတ်မှု၌ လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN