တရားမဝင်ဘာသာရေးဖွဲ့စည်း စည်းရုံးလှုံ့ဆော်သည်ဟုဆိုကာ အမျိုးသမီး ၄ ဦးကို UWSA ထောင်ဒဏ်ချမှတ်

(ပြည်တွင်း) နိုဝင်ဘာ ၅

ဒေသတွင်းနိုင်ငံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်မှုနှင့် တရားမဝင်ဘာသာရေးအဖွဲ့ ဖွဲ့စည်း စည်းရုံးသည်ဟုဆိုပြီး အမျိုးသမီး ၄ ဦးကို နိုဝင်ဘာ ၄ ရက်တွင် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း “ဝ” အဖွဲ့ (UWSA) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ဟွမ်ရှောက်ရှန်း (Huang Xiaoxiang)၊ ယေ့ချင်း (Ye Qing)၊ ယေ့ရုန်း (Ye Rong) နှင့် အိုမင် (Ouming) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

UWSA ၏ ထုတ်ပြန်ချက်အရ အဆိုပါအမှုနှင့်ပတ်သက်၍ ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၂၀ ရက်အထိ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၄၂ ဦးကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ထံမှ မိုဘိုင်းဖုန်း ၃၈ လုံးနှင့် လက်ပ်တော့တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုနှင့် သက်ဆိုင်ခြင်းမရှိသူ ၃၈ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရားခံ ဟွမ်ရှောက်ရှန်းကို တရားမဝင်ဘာသာရေးအဖွဲ့ ဖွဲ့စည်းမှုဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ ကျန်အမျိုးသမီး ၃ ဦးကိုမူ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

UWSA ၏ တရားရေးကော်မတီအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမဝင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ပြစ်မှုများကို ဆက်လက်အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ဆက်စပ်၍ UWSA သည် ဒေသအခေါ် “ယေရှု့တရုတ်မဂိုဏ်း” ဟု ဖော်ပြထားသည့် ဘာသာရေးအဖွဲ့၏ လှုပ်ရှားမှုများကြောင့် ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ ဒေသတွင်းရှိ နေရာလေးခုမှ ခရစ်ယာန်ဘုရားကျောင်းများကို ယာယီပိတ်သိမ်းခဲ့ပြီး နှစ်လခန့်အကြာတွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။