ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မိသားစုထံ ငွေလွှဲပို့ထားသည့် အထောက်အထားပါ တင်ပြရမည်

(နိုင်ငံတကာ) နိုဝင်ဘာ ၅

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားရာတွင် လစာဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားသည့် အထောက်အထားအပြင် မိသားစုထံ အနီးစပ်ဆုံး သုံးလစာ ငွေလွှဲပို့ထားသည့် အထောက်အထားများကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း မြန်မာသံရုံး (ဖနောင်ပင်မြို့) က နိုဝင်ဘာ ၄ ရက်တွင် အသိပေးကြေညာခဲ့သည်။

အဆိုပါသတ်မှတ်ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်၍ အကျုံးဝင်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လျှောက်ထားသူများအနေဖြင့် သတ်မှတ်ထားသည့် အထောက်အထားများကို ပူးတွဲတင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဖနောင်ပင်မြို့ရှိ Philip Bank တွင် ကိုယ်ပိုင်ဘဏ်အကောင့်များ ဖွင့်လှစ်ကာ မိသားစုထံ ငွေလွှဲပို့နိုင်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေလွှဲပို့ရာတွင် Sender Information နေရာ၌ ငွေလွှဲပို့သူ အလုပ်သမား၏ အမည်နှင့် Passport No. တို့ ပါဝင်စေရေး သတိပြုရန်လည်း သံရုံးက အသိပေးထားသည်။