

(နိုင်ငံတကာ ) နိုဝင်ဘာ ၅
ထိုင်းနိုင်ငံ၊ စရာဘူရီပြည်နယ်တွင် ယာဘမူးယစ်ဆေးပြား ၂ သန်း သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား အမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း NEWS 24 သတင်းဌာနက နိုဝင်ဘာ ၄ ရက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများမှာ ချိုင်ယဖူးမ်ပြည်နယ်သား အသက် ၂၉ နှစ်အရွယ် ထာဝါနှင့် အသက် ၃၃ နှစ်အရွယ် အနုတို့ဖြစ်ပြီး စရာဘူရီပြည်နယ်၊ ကဲင်ခွိုင်ခရိုင်၊ တန်ဒီယိုဒေသ၊ ဘန်နာ-ကဲင်ခွိုင်လမ်းဘေးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ အမှတ် (၆) မှုခင်းစုံစမ်းရေးအဖွဲ့နှင့် ထိုင်းတပ်မတော် စစ်ထောက်လှမ်းရေးအဖွဲ့တို့သည် မူးယစ်ဆေးဝါးသယ်ဆောင်မည့် သတင်းရရှိထားသဖြင့် ပူးပေါင်းစောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရေးအဖွဲ့က သံသယရှိသည့် အဖြူရောင် Honda Jazz ကားကို ပိတ်ဆို့တားဆီးခဲ့ရာ ကားပေါ်ပါလာသူများက ရဲကားကို နောက်ပြန်ဆုတ်တိုက်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကားကို ရှာဖွေရာ ယာဘဆေးပြားများ ထည့်ထားသည့် အိတ် ၁၀ အိတ်၊ စုစုပေါင်း ဆေးပြား ၂ သန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကနဦးစစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသူနှစ်ဦးသည် မူးယစ်ဆေးဝါးများကို သတ်မှတ်ထားသည့်နေရာသို့ ပို့ဆောင်ပေးရန် ငှားရမ်းခံရခြင်းဖြစ်ပြီး သယ်ယူခအဖြစ် ဘတ် ၁ သိန်း ရရှိမည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ထာဝါသည် ၂၀၁၉ ခုနှစ်တွင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနှင့် ၂၀၂၁ ခုနှစ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် အမှုရင်ဆိုင်ခဲ့ဖူးပြီး အနုတွင်မူ ပြစ်မှုမှတ်တမ်းမတွေ့ရှိရကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးရောင်းချရန် လက်ဝယ်ထားရှိမှု၊ ကုန်သွယ်မှုနှင့် အများပြည်သူအတွင်း မူးယစ်ဆေးဝါးပျံ့နှံ့စေမှုဆိုင်ရာ ပုဒ်မများဖြင့် အရေးယူထားပြီး နောက်ကွယ်မှ ဆက်စပ်ပါဝင်သူများကို ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း NEWS 24 သတင်းဌာနက ဖော်ပြထားသည်။