(မှုခင်း) နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ဘုရားကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၄၄ မိုင် ၃ ဖာလုံအနီးတွင် ဘုရားကြီးမြို့မှ ပဲခူးမြို့ဘက်သို့ ဦးတင်ဇော်မင်း(ခ)မိုးဒီ (၄၀)နှစ် မောင်းနှင်လာသော TOYOTA PROBOX မော်တော်ယာဉ်သည် အရှေ့မှယာဉ်တစ်စီးအား ကျော်တက်မောင်းနှင်စဉ် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာနေ ဦးဖြိုးမောင်မောင် (၃၂)နှစ် မောင်းနှင်လာသော SINO TRUCK ၂၂ ဘီးတွဲယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်မိမှုကြောင့် ၂၂ ဘီးတွဲယာဉ် ရပ်တန့်သွားစဉ် လားရာတူနောက်မှ ပဲခူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးသန်းထွန်းစိုး (၅၂)နှစ် မောင်းနှင်ပြီး မအိခိုင်ဖြိုး (၂၇)နှစ်နှင့် ဦးဇော်ဇော် (၄၃)နှစ်တို့ လိုက်ပါလာသော DAIHATSU HIJET မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ၂၂ ဘီးတွဲယာဉ်ကို ထပ်မံဝင်ရောက်တိုက်မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် DAIHATSU HIJET ယာဉ်မောင်း ဦးသန်းထွန်းစိုး၊ မအိခိုင်ဖြိုးနှင့် ဦးဇော်ဇော်တို့ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်များကို မဆင်မခြင်မောင်းနှင်ခဲ့သူ ဦးတင်ဇော်မင်း(ခ)မိုးဒီနှင့် ဦးသန်းထွန်းစိုးတို့နှစ်ဦးအား ဘုရားကြီးနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၂၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN