
(မှုခင်း) အောက်တိုဘာ ၃၁
NUG လက်အောက်ခံ ဟင်္သာတခရိုင်တပ်ရင်း (၃) တွင် တပ်ရေးတာဝန်ခံအဖြစ် တာဝန်ယူထားသူ ဝင့်လွှာအောင် (ခ) စစ်ငြိမ်းမေကို အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူ ဝင့်လွှာအောင် (ခ) စစ်ငြိမ်းမေသည် ၂၀၂၁ ခုနှစ် မေလမှ ဇွန်လအထိ KNU တပ်မဟာ (၇) တွင် စစ်သင်တန်းတက်ရောက်ခဲ့ပြီးနောက် တပ်မဟာ (၇)၊ ဟင်္သာတခရိုင်တပ်ရင်း (၁)၊ ဧရာဝတီရိုးမစစ်ကြောင်းနှင့် ဟင်္သာတခရိုင်တပ်ရင်း (၃) တို့တွင် ရုံးတာဝန်ခံ၊ တပ်ရေးနှင့် တပ်ထောက်တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
၎င်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဟင်္သာတခရိုင်တပ်ရင်း (၃) ၏ အုပ်ချုပ်ထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တပ်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်စဉ် တပ်ဖွဲ့ဝင်အင်အားစာရင်းများ ပြုစုခြင်း၊ ငွေကြေးအလွှဲအပြောင်းများ ဆောင်ရွက်ခြင်း၊ နေ့စဉ်ပြန်တမ်းများနှင့် ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိမှုစာရင်းများ ပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်တပ်ရင်း (၃) ၏ ဝင်ငွေ၊ ထွက်ငွေများကိုလည်း အွန်လိုင်းငွေကြေးဝန်ဆောင်မှုစနစ်များမှတစ်ဆင့် လွှဲပြောင်းလက်ခံပေးခဲ့ကြောင်း၊ MOD မှ သုံးလတစ်ကြိမ် ပေးပို့သည့် လစာငွေများနှင့် ထောက်ခံသူများထံမှ ရရှိသည့် ငွေကြေးများကို တပ်ရင်းမှူးအဆင့်ရှိ ရဲကျော်သူ (ခ) ရဲခေါင်၏ အစီအစဉ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ ဝင့်လွှာအောင် (ခ) စစ်ငြိမ်းမေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။