ဆိုလာဘက်ထရီ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားပြီး လှိုင်းဘွဲ့မြို့တွင် နေအိမ်နှစ်လုံး ဆုံးရှုံး

(မှုခင်း) အောက်တိုဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့ (ခ) ရပ်ကွက်တွင် ဆိုလာဘက်ထရီ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လှိုင်းဘွဲ့မြို့ (ခ) ရပ်ကွက်၊ အာဇာနည်လမ်းရှိ ဒေါ်တင်တင်မြင့်၏ နေအိမ်တွင် တပ်ဆင်ထားသည့် ဆိုလာစနစ်မှ Controller မပါဘဲ ဘက်ထရီအားသွင်းထားရာမှ ဘက်ထရီအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မီးသည် ဘေးချင်းကပ်လျက်ရှိသည့် ဦးဝင်းမောင်၏ နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို လှိုင်းဘွဲ့မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးနှင့် စည်ပင်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၄၀ ပေရှိ နေအိမ်တစ်လုံးနှင့် အလျား ၁၅ ပေ၊ အနံ ၄၅ ပေရှိ နေအိမ်တစ်လုံး၊ စုစုပေါင်း အုတ်ညှပ်သွပ်မိုးနေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်တင်တင်မြင့်အား လှိုင်းဘွဲ့မြို့မရဲစခန်းတွင် မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN