(ပြည်တွင်း) အောက်တိုဘာ ၂၉
နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထောင်ကလပ်ကျေးရွာအုပ်စု၊ ကော့ထေးကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ကော့ထေးကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ် ၁၉၇ ဒသမ ၆၂၀ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၄ ဒသမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိသည့်အပြင် Box Culvert တစ်စင်းလည်း ပါဝင်ကြောင်း သိရသည်။
လမ်းလုပ်ငန်းများကို ဒေါနကြယ်စင်ကုမ္ပဏီနှင့် ဇွဲကပင်မေမေကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ပြီးစီးသည့်အတွက် ယနေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကော့ထေးကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါလမ်းသစ်ကြောင့် ကျေးရွာနေပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအပြင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN