(ပြည်တွင်း) အောက်တိုဘာ ၂၉
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရေး၊ တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး မြှင့်တင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများသာမက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ မြန်မာ့မူဟန်အက၊ ရိုးရာတူရိယာ၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့အပါအဝင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အနုပညာအမွေအနှစ်များဖြစ်ကြောင်း၊ ရိုးရာအနှစ်သာရ မပျောက်ပျက်စေရန် ထိန်းသိမ်းမြှင့်တင်ပြီး ဝါရင့်အနုပညာရှင်များ၏ အတွေ့အကြုံနှင့် အတတ်ပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် အနုပညာပြိုင်ပွဲများသာမက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲနှင့် မျိုးဆက်သစ်အနုပညာရှင်များအကြား ပေါင်းကူးဆက်သွယ်ပေးသည့်ပွဲဖြစ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသကဲ့သို့ အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကိုလည်း အပြန်အလှန်လေးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယခင်နှစ် မန္တလေးငလျင်ကြီးကြောင့် မကျင်းပနိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစားအချို့အပါအဝင် ဝါသနာရှင်အဆင့်၊ ဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်းကျင်းပနိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပါဝင်ယှဉ်ပြိုင်မှုနှင့် ဆုရရှိမှု တိုးမြင့်လာခြင်းသည် မြန်မာ့ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမြတ်နိုးမှု တိုးတက်လာခြင်းဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတ၊ ခေတ်မီနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များသာမက အမျိုးသားယဉ်ကျေးမှုအခြေခံများ ခိုင်မာရန်လည်း လိုအပ်ကြောင်း၊ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချ၍ ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနုပညာရှင်များနှင့် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာအရည်အသွေးများ ပိုမိုတိုးတက်စေရန် ဆက်လက်လေ့လာလေ့ကျင့်ကြရန်နှင့် ဆုမရရှိသေးသူများအနေဖြင့်လည်း ဇွဲလုံ့လမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြရန် အားပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN