ချန်ပီတိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ပေ၊ ကောင်ရှုံလေကြောင်းခရီးစဉ်များ အနှောင့်အယှက်ဖြစ်နိုင်ဟု Thai Airways သတိပေး

(နိုင်ငံတကာ) အောက်တိုဘာ ၂၂

ချန်ပီတိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေခြင်းကြောင့် ထိုင်ဝမ်ရှိ ထိုင်ပေမြို့နှင့် ကောင်ရှုံမြို့သို့ ပျံသန်းမည့်၊ အဆိုပါမြို့များမှ ပြန်လည်ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များ အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Thai Airways International) က ခရီးသည်များအား သတိပေးထားသည်။

ထိုင်းနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သည့် Thai Airways သည် ဘန်ကောက်မြို့နှင့် ထိုင်ဝမ်ရှိ ထိုင်ပေ၊ ကောင်ရှုံမြို့များအကြား ခရီးသွားမည့် ခရီးသည်များအတွက် ဗုဒ္ဓဟူးနေ့ညတွင် ခရီးသွားလာမှုဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခရီးသည်များအနေဖြင့် ရာသီဥတုအခြေအနေကို စောင့်ကြည့်ရန်နှင့် လေဆိပ်သို့ မသွားရောက်မီ သုံးရက်တာကာလအတွင်း မိမိတို့၏ လေယာဉ်ခရီးစဉ်အခြေအနေကို Thai Airways ၏ ဝက်ဘ်ဆိုက် သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် စစ်ဆေးရန် လေကြောင်းလိုင်းက အကြံပြုထားသည်။

ထိုင်ဝမ်ဗဟိုမိုးလေဝသဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကြာသပတေးနေ့ UTC စံတော်ချိန် နံနက် ၃ နာရီတွင် ချန်ပီတိုင်ဖွန်းမုန်တိုင်းသည် မြောက်လတ္တီတွဒ် ၂၀.၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၂၅.၇ ဒီဂရီ၌ တည်ရှိနေခဲ့သည်။

မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး လာမည့် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဦးတည်ပြောင်းလဲသွားမည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်း၏ ရွေ့လျားနှုန်းမှာ တစ်နာရီလျှင် ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၅၁ မီတာရှိပြီး လေပြင်းတိုက်ခတ်ချိန်တွင် တစ်စက္ကန့်လျှင် ၆၃ မီတာအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထိုင်ဝမ်မိုးလေဝသဦးစီးဌာနသည် ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းတွင် အဆိုပါမုန်တိုင်းနှင့်ပတ်သက်၍ ပင်လယ်ပြင်ဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကြာသပတေးနေ့ မွန်းတည့်ချိန်ခန့်တွင် ကုန်းမြေဒေသဆိုင်ရာ သတိပေးချက်ကို ဆက်လက်ထုတ်ပြန်ရန် မျှော်မှန်းထားသည်။

ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဖော်ပြသည့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသော ဒေသများတွင် ထိုင်ပေ၊ တောင်ယွမ်၊ မီအိုလီ၊ ထိုင်ချုံး၊ ချန်ဟွာ၊ ယွင်လင်၊ ချီအိုင်ခရိုင်၊ ထိုင်နန်၊ ပင်းတုံး၊ ထိုင်တုံ၊ ယီလန်၊ ပင်ဟူနှင့် ကျင်းမင်တို့ ပါဝင်သည်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် အဆင့် ၉ အထိ ရောက်ရှိနိုင်ပြီး လေပြင်းတိုက်ခတ်မှုတွင် အဆင့် ၁၁ အထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက ပြောကြားထားသည်။

Telegram – t.me/positiveanglenews

#PAN