(စီးပွားရေး) အောက်တိုဘာ ၂၁
၂၀၂၆ ခုနှစ် မိုးစပါးနဲ့ ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အရည်အသွေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ စပါးတင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေးနှုန်း ကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာပါတယ်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၆) အရ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ စပါးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေဖို့ အခြေခံရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းဈေးနှုန်းဟာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ အတွက် ကျပ် ၁,၃၅၀,၀၀၀ ဖြစ်ပါတယ်။ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းထက် မြင့်မားနေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းနေပါက သတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ စပါးရောင်းချဖို့ အခက်အခဲရှိတဲ့ တောင်သူလယ်သမားတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ မြို့နယ်ကိုယ်စားလှယ်တွေထံ ဆက်သွယ်နိုင်သလို အသင်းချုပ်ရုံးချုပ်ရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉ နဲ့ ၀၁-၂၁၈၂၆၆ တို့ကိုလည်း ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။
သတင်းရင်းမြစ် — တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၆)၊ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်။

Telegram – t.me/positiveanglenews
#PAN