ပဲခူးနှင့် အင်းတကော်တို့တွင် မူးယစ်ဆေးဝါးနှင့်အတူ ၂ ဦး ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် အင်းတကော်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က ပဲခူးမြို့၊ ဥဿာမြို့သစ် (၇) ရပ်ကွက်၊ ပင်စည်မီးပွိုင့်အနီး လမ်းဘေးကားဂိတ်တွင် ခင်မျိုးဝေ (၂၆ နှစ်) အား စစ်ဆေးရှာဖွေစဉ် ၎င်း၏ဝဲဘက်ရင်ဘတ်အတွင်း ဝှက်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြားကို သိမ်းဆည်းရမိခဲ့သည်။

၎င်းအား ဆက်လက်စစ်ဆေးချက်အရ အဆိုပါဆေးပြားများကို ရန်ကုန်မြို့၊ သာကေတဈေးဘက်မှ ဝယ်ယူလာကာ ပဲခူးမြို့၌ ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ညပိုင်းတွင် အင်းတကော်မြို့၊ အမှတ် (၃) ရပ်ကွက်၌ အောင်နိုင်ထွန်း (ခ) အောင်ကြီး (၃၇ နှစ်) ထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမာ့် တရားခံများဖြစ်သည့် ခင်မျိုးဝေ နှင့် အောင်နိုင်ထွန်း (ခ) အောင်ကြီးတို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN