(ပြည်တွင်း) အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း တောင်သူများ ကြုံတွေ့နေရသည့် ဒီဇယ်ဝယ်ယူရရှိရေး၊ စိုက်ပျိုးရေးသုံးကိရိယာများကြောင့် ဘဏ်မှငွေထုတ်ယူရာတွင် ငွေကြေးဖြတ်တောက်ခံရမှုဆိုင်ရာ အခက်အခဲများအပြင် ကျေးရွာလျှပ်စစ်မီးရရှိရေးကိစ္စများကို ဒေသခံတောင်သူများက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီခွဲတွင် ဇလွန်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်သည် ပျဉ်းမကုန်းအရှေ့အုပ်စု၊ ပျဉ်းမကုန်းအနောက်၊ ကျုံမတ်ရွာနှင့် ပက်တန်းအုပ်စု၊ ရွာသစ်ကုန်းကျေးရွာများသို့ သွားရောက်ကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို နားထောင်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ဒေသခံတောင်သူများက ကောက်ရိတ်သိမ်းရန်နှင့် မတ်ပဲ၊ နေကြာသီးထပ်စိုက်ပျိုးရန် ထွန်ယက်ပြင်ဆင်ရာတွင် အသုံးပြုရမည့် ဒီဇယ်ဝယ်ယူရရှိမှု အခက်အခဲများကို တင်ပြခဲ့ကြသည်။ ထို့ပြင် ဒေသနှင့်ကိုက်ညီမှုမရှိသည့် မျိုးစေ့ချကိရိယာများကို တောင်သူများက ဝယ်ယူအသုံးပြုသူမရှိသော်လည်း ဘဏ်မှငွေထုတ်ယူချိန်တွင် ငွေကြေးဖြတ်တောက်ခံရပြီး သက်ဆိုင်ရာသို့ ပေးဆောင်နေရသည့် အခက်အခဲများရှိကြောင်းလည်း တင်ပြခဲ့ကြသည်။
ထို့အပြင် လယ်ယာသုံးထော်လာဂျီများ လိုင်စင်ပြုလုပ်ရေးနှင့် သက်ဆိုင်ရာအခွန်များ ထမ်းဆောင်နိုင်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျေးရွာလျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်၍ ပျဉ်းမကုန်းအနောက်အုပ်စု၊ ကျုံမတ်ရွာနှင့် ပက်တန်းအုပ်စု၊ ရွာသစ်ကုန်းရွာတို့တွင် လိုအပ်နေသည့် ၁၁ ကီလိုဗို့ (11 kV) ဓာတ်အားလိုင်းများ တပ်ဆင်ပေးနိုင်ရန် အစိုးရ၏ အကူအညီရရှိရေးကိုလည်း သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဒေသခံလျှပ်စစ်မီးရရှိရေး လိုလားသူများအကြား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါကျေးရွာများ၏ လျှပ်စစ်မီးရရှိရေးလိုအပ်ချက်များနှင့် တောင်သူများတင်ပြသည့် အခက်အခဲများကို လွှတ်တော်သို့ ဆက်လက်တင်ပြပေးသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com
Telegram – t.me/positiveanglenews
#PAN