(စီးပွားရေး) အောက်တိုဘာ ၁၈
ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ယင်းငွေစက္ကူသစ် ထုတ်ဝေရန် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ အောက်တိုဘာ ၁၈ ရက်တွင် အသိပေးထုတ်ပြန်သည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်ဝက်ဘ်ဆိုက်များတွင် ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်ဟု သတင်းမီဒီယာအချို့က ဖော်ပြနေကြောင်း၊ ယင်းသတင်းများသည် ကောလာဟလများသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိစေရန်နှင့် ငွေကြေးစနစ်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ထို့ပြင် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သည့် သတင်းမှားများ ဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူကာ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
#PAN