အမေရိကန်နှင့် မြန်မာအစိုးရ တိုကျိုတွင် တစ်လအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

(နိုင်ငံတကာ) အောက်တိုဘာ ၁၆

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံရှိ စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရတို့သည် ပြီးခဲ့သည့်သီတင်းပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများကို ကိုးကား၍ Reuters သတင်းဌာနက အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြသည်။

ယင်းတွေ့ဆုံမှုသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှောင်ရှားခဲ့သည့် အမေရိကန်အစိုးရက ပြန်လည်ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လာချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလလယ်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်ဆွေးနွေးမှု၌ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြန်လည်လွတ်မြောက်ရေးနှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပိတ်သိမ်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း Reuters က ယခင်က ဖော်ပြထားသည်။

ယင်းဆွေးနွေးမှုများသည် မြန်မာနိုင်ငံရှိ ရှားပါးမြေသတ္တုသိုက်များအပါအဝင် ပိုမိုကျယ်ပြန့်သည့် ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးနိုင်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

တိုကျိုဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများကို အတိအကျ ဆွေးနွေးခဲ့သည်ကို မသိရသေးသော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်က အမေရိကန်ဘက်မှ ထပ်မံဦးဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

ဆွေးနွေးပွဲတွင် အမေရိကန်အရာရှိ တစ်ဒါဇင်ကျော် ပါဝင်ခဲ့သော်လည်း မြန်မာဘက်မှ မည်သူများ တက်ရောက်ခဲ့သည်ကို Reuters က အတည်မပြုနိုင်ခဲ့ပေ။အမေရိကန်၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ အမေရိကန်နိုင်ငံသားများထံမှ ဘီလျံနှင့်ချီသည့် ဒေါ်လာပမာဏကို လိမ်လည်ရယူခဲ့သည့် အချစ်ရေးအယောင်ဆောင်လိမ်လည်မှုအပါအဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ပိတ်သိမ်းနိုင်ရေး မြန်မာဘက်၏ အကူအညီရယူရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

သုတေသီများ၏ အဆိုအရ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအများအပြားသည် စစ်တပ်နှင့် နီးစပ်သည့် ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် အခြေစိုက်နေကြပြီး လိမ်လည်ရရှိသည့် ငွေကြေးအချို့မှာ စစ်တပ်ထံသို့ စီးဆင်းနိုင်သဖြင့် အဆိုပါလုပ်ငန်းများကို အမှန်တကယ် နှိမ်နင်းလိုသည့် ဆန္ဒရှိမရှိအပေါ် မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာအစိုးရဘက်ကမူ အွန်လိုင်းလိမ်လည်မှုစင်တာများ တိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်နေကြောင်း ပြောဆိုထားသည်။

ထို့အပြင် လျှပ်စစ်ကားများနှင့် လေအားလျှပ်စစ်တာဘိုင်များအပါအဝင် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အကြီးစားရှားပါးမြေသတ္တုများကို အမေရိကန်က လက်လှမ်းမီနိုင်ရေးအတွက်လည်း ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သို့သော် ယင်းသတ္တုသိုက်အများစုသည် စစ်တပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် တည်ရှိနေပြီး မြန်မာ့ရှားပါးမြေသတ္တုများကို အဓိကဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံက အမေရိကန်၏ ပါဝင်မှုကို လက်ခံမည်မဟုတ်သည့် အလားအလာများလည်း ရှိနေသည်။

တစ်ဖက်တွင် အမေရိကန်အစိုးရသည် မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီသည်ဟု စွပ်စွဲခံထားရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သမီးအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပြီးခဲ့သည့်သီတင်းပတ်တွင် ရုပ်သိမ်းခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံမှုအသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားထားသည်။

သို့သော် သမ္မတ မင်းအောင်လှိုင်သည် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ လူထုလှုပ်ရှားမှုများကို အင်အားသုံးနှိမ်နင်းမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ဆက်လက်ရှိနေသည်။

ရိုဟင်ဂျာမွတ်စလင်များအပေါ် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နေရပ်စွန့်ခွာစေမှုများကိုလည်း အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားသည်။

ဩစတြေးလျနိုင်ငံ Lowy Institute မှ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ ဟန်တာမာစတန်က အမေရိကန်အစိုးရ၏ လက်ရှိချဉ်းကပ်မှုသည် မြန်မာနိုင်ငံအပေါ် အကျိုးစီးပွားအခြေပြု အပေးအယူဆန်သည့် ရှုမြင်မှုဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အရေးပါသည့် သတ္တုသယံဇာတများသည် ဝါရှင်တန်၏ အဓိကမဟာဗျူဟာအကျိုးစီးပွားဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍မူ ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးခြင်းထက် ပိုမိုပါဝင်မှုရှိမရှိ မရှင်းလင်းသေးပေ။

သို့သော် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေး တိုးမြှင့်လာသည့် လက္ခဏာများ ရှိနေသည်။

ယခုလအစောပိုင်းတွင် ဂျပန်ယာယီသံအမတ်သည် မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ယင်းသည် လူသိရှင်ကြား သိရှိရသည့် ပထမဆုံးတွေ့ဆုံမှုဖြစ်ကြောင်း Reuters က ဖော်ပြသည်။

ဂျပန်အစိုးရသည် မြန်မာအစိုးရကို တရားဝင်အသိအမှတ်ပြုထားခြင်း မရှိပေ။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံကို အရေးပါသည့် ဈေးကွက်တစ်ခုအဖြစ် ရှုမြင်ခဲ့သည်။

ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ JETRO ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လက်လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီ ၃၀၀ ခန့်ရှိပြီး ၂၀၂၀ ပြည့်နှစ်က ၄၀၀ ကျော်ရှိခဲ့သည့်အခြေအနေမှ လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN