ရွှေပြည်သာတွင် ငွေကျပ်သိန်း ၂၄၀ ခန့်ပါ ပိုက်ဆံအိတ်လုယက်မှုမှ သံသယရှိသူတစ်ဦး ဖမ်းဆီးရမိ

(မှုခင်း) အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ငွေကျပ်သိန်း ၂၄၀ ခန့်ပါဝင်သည့် ပိုက်ဆံအိတ်လုယက်မှုဖြစ်စဉ်မှ သံသယရှိသူအမျိုးသားတစ်ဦးကို ငွေကြေးနှင့် ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်ရှိ ရွှေဇင်ခိုင်ရွှေဆိုင်တွင် ရွှေလာရောက်ဝယ်ယူသည့် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်လုယက်ခံရကြောင်း သိရသည်။

ယင်းနောက် အမျိုးသမီးက ဗိုလ်ချုပ်လမ်းမပေါ်တွင် အကူအညီတောင်းခံခဲ့ရာ ရွှေပြည်သာမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် အောင်သူဟိန်းက သိရှိပြီး လုယက်မှုကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားနှစ်ဦးကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

လိုက်လံဖမ်းဆီးစဉ် သံသယရှိသူနှစ်ဦးနှင့် ထိပ်တိုက်တွေ့ကာ လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရပြီး အမျိုးသားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ကျန်တစ်ဦးကို ငွေကျပ်သိန်း ၂၄၀ ခန့်နှင့် ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

Telegram – t.me/positiveanglenews

#PAN