(မှုခင်း) အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော် အတက်လမ်းတွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးက တိုက်မိခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ရွှေမုဋ္ဌောဘုရား မုခ်ဦးအနီးတွင် အသက် ၄၅ နှစ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်အရ အဆိုပါအမျိုးသားတွင် ဦးခေါင်းညာဘက်ခြမ်း ချိုင့်ဝင်ဒဏ်ရာအပါအဝင် ဝမ်းဗိုက်၊ လက်ခုံနှစ်ဘက် ပွန်းဒဏ်ရာနှင့် ညာတံတောင်ဆစ်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ သတိလစ်မေ့မျောနေသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသည့် ယာဉ်နှင့် ယာဉ်မောင်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN