အပူရှောင်စခန်း ၆၈ ခု ဖွင့်လှစ်ခဲ့ပြီး အယ်လ်နီညိုအပူဒဏ်အတွက် ယခုနှစ်တွင်လည်း ဆက်လက်ဖွင့်လှစ်မည်

(ပြည်တွင်း) အောက်တိုဘာ ၁၅

အပူရှိန်မြင့်မားမှုကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ အပူဒဏ်မှ ကာကွယ်နိုင်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ပေးရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန်ရှိ၊ မရှိ မေးမြန်းမှုအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အပူရှောင်စခန်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူရှိန်လွန်ကဲမှု ဖြစ်ပေါ်လေ့ရှိသဖြင့် နေအိမ်များတွင် နေထိုင်ရန်ခက်ခဲသူများနှင့် အပူဒဏ်မှ ရှောင်ရှားလိုသူများအတွက် အပူရှောင်စခန်းများ ဖွင့်လှစ်ပေးခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် အပူရှောင်စခန်းများတွင်လည်း လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းပေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် အပူရှောင်စခန်း လေးခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့များစာရင်း၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့များ ပါဝင်ခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အပူရှောင်စခန်းများသို့ လာရောက်အပူရှောင်သူများကို သောက်ရေသန့်နှင့် အချိုရည်များ ဝေငှပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အပူဒဏ်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ဖြေကြားချက်အရ ယနေ့အထိ အပူရှောင်စခန်း စုစုပေါင်း ၆၈ ခု ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် စခန်းများတွင်လည်း လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်များ ထုတ်ပြန်ထားသည်ဟု ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ နေ့အပူချိန်များ ပုံမှန်ထက်မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားမှုများအပါအဝင် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း အသိပေးထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဂေဟစနစ်နှင့် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများ ကြိုတင်သတိပြုနိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပူဒဏ်မှ ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး စခန်းများသို့ လာရောက်သူများအား သောက်ရေသန့်နှင့် အချိုရည်များ ဝေငှခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အပူဒဏ်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းတို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြေကြားထားသည်။

Telegram – t.me/positiveanglenews

#PAN