တောင်ကြီးရှိ ထွန်းတောက်ကိုယ်ပိုင်ကျောင်း စာသင်ခန်းအား ကားဝင်တိုက်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ထွန်းတောက်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စာသင်ခန်းအား ကားတစ်စီး ဝင်ရောက်တိုက်မိခဲ့ရာ ကျောင်းသူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီခန့်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ဦးနန်းမြင့်ငွေ မောင်းနှင်လာသည့် အဖြူရောင် Toyota Crown ယာဉ်သည် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ပင်မစာသင်ဆောင်ရှိ Grade-6 စာသင်ခန်းကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် Grade-6 စာသင်ခန်းအတွင်း စာသင်ကြားနေသည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးအပါအဝင် ကျောင်းသူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတစ်ဦးမှာ ဦးခေါင်းနောက်စေ့ ဘယ်ဘက်တွင် ဖူးရောင်နာကျင်ဒဏ်ရာရရှိခဲ့သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို မဆင်မခြင်၊ ပေါ့ဆစွာမောင်းနှင်ကာ အခြားသူများ ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် ယာဉ်မောင်း ဦးနန်းမြင့်ငွေကို တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN