ပျော်ဘွယ်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်၁၁နာရီခွဲ အချိန် ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာ အနီးတွင် စိုးမင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် စိုင်းလုံဝမ်း မောင်းနှင်ပြီး လင်းထက်အောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်များအတွင်း ၎င်းတို့သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၂၂.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၃၇.၅ သိန်း)၊ ဘိန်းဆီခဲ အလေးချိန် ၁.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၂နာရီ အချိန်ခန့်တွင် အဆိုပါ ဘိန်းစိမ်းများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ရှမ်းကြီး(ခ)ဘမော်အား သာစည်မြို့နယ်၊ ချောက်ခွဲကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်၁၁နာရီ အချိန် ဇင်မင်းထွေး အား အမရပူရမြို့နယ်၊ မြစ်ငယ်-မန္တလေး-စစ်ကိုင်းသွားလမ်းဆုံတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသည့် တရားခံများဖြစ်သည့် စိုးမင်း(၄၈)နှစ်၊ စိုင်းလုံဝမ်း(၂၂)နှစ်၊ လင်းထက်အောင်(၂၂)နှစ်၊ ရှမ်းကြီး(ခ)ဘမော်(၄၂)နှစ် နှင့် ဇင်မင်း​ထွေး(၃၄)နှစ်တို့အား ရွှေညောင်ဖူးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN