PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အရပ်သားပြည်သူ တစ်ဦး သေဆုံး

(မှုခင်း)အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် ည ၉ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရေဂမိုးကျေးရွာနေ ဦးရန်နိုင်လင်း(ခ)ရာဇာစိုး(၄၁)နှစ်သည် အဆိုပါကျေးရွာရှိ ၎င်းပိုင်ဆန်စက်ဝင်းအတွင်းရှိနေစဉ် PDF အကြမ်းဖက်သမား သုံးဦးခန့်က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်အတွင်းရှိ ငွေကျပ် သိန်း ၁၅၀ ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN